တောင်ငူမြို့နယ်တွင် မိုးနှမ်းများရိတ်သိမ်းနေပြီ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အရှေ့ဆင်ကျေးရွာအုပ်စု၊ အနောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်စု၊ ဒိုးအင်းကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနှမ်းများကို ရိတ်သိမ်းနေပြီဖြစ်ပါသည်။ သက်ဆိုင်ရာဌာနမှ ရရှိသော စာရင်းများအရ တောင်ငူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးနှန်း ၃၇၈၉ ဧက စိုက်ပျိုးထားကြောင်း သိရပါသည်။

       တောင်ငူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသော စစ်တောင်းမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့အထိ တောင်ငူမြို့၌ အမြင့်ဆုံးရေမှတ်မှာ ၃၉၀ စင်တီမီတာသာရှိသဖြင့် နှမ်းခင်းများပျက်စီး ခြင်းမရှိဘဲ စိုက်ဧကအားလုံး အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ တောင်ငူမြို့၌ စစ်တောင်း မြစ်၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာ ဖြစ်ပါသည်။

     ကျေးရွာရှိ လုပ်သားများမှာ နှမ်းရိတ်၊ နှမ်းစည်းလိုက်ကြသဖြင့် ဝင်ငွေရရှိကြပါသည်။ တစ်ရက်လုပ်ခ ၇၀၀၀ ကျပ် ရရှိပါသည်။ ဝါးလုံးတန်းထားသည့်နေရာများတွင် ရိတ်ထားသည့်နှမ်းကို စည်း၍ ဝါးလုံန်းတန်းကိုမှီလျက် ထောင်ထားပြီး နေပူလှန်းရပါသည်။ (၇)ရက်မှ (၁၀)ရက်ခန့်အထိ နေလှန်းပြီးပါက မိုးကာခင်း၍ ခါချရပါသည်။ ယခုနှစ်တွင် မိုးနှမ်းကောင်းသည့် အကွက်များ၌ တစ်ဧက ၁၅ တင်းခန့် ထွက်ရှိနိုင်ကြောင်း သိရပါသည်။

     နှမ်းစိုက်ပျိုးစဉ်က မျိုးနှမ်းတစ်ပြည်လျှင် ၈၅၀၀ ကျပ် ဝယ်ယူရကြောင်း၊ ယခုနှမ်းပေါ်ချိန်တွင် နှမ်း တစ်တင်းလျှင် ၉၅၀၀၀ ကျပ် ဈေးပေါက်ကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် စားသုံးဆီအတွက် ဖူလုံသလို ပိုလျှံသည်များကို ရောင်းချခြင်းအားဖြင့် ဝင်ငွေလည်းရရှိပါကြောင်း အနောက်ဆင်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးတင်သန်း၏ ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)