တောင်ငူမြို့ ညောင်ပင်ဈေးမှ ရာသီပေါ်ဟင်းသီးဟင်းရွက်များ

Powered by Drupal

      တောင်ငူမြို့ ညောင်ပင်ဈေးဟုခေါ်သည့် ကုန်စိမ်းဈေးတွင် ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိရာ ဝါးနွယ်မျှစ်ပြုတ်များမှာ ပေါ်စတွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ရှိသော်လည်း ယခုအခါတွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ၁၀ ကျပ်သားယူလျှင် ၃၀၀ ကျပ်အထိ ဈေးကျဆင်းပါသည်။

         ပဲတောင့်ရှည်သီးမှာ ယခင်က ၇၅ တောင့်ပါ အစည်းတစ်စည်းလျှင် ၁၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ ၇၅ တောင့်ပါ အစည်းတစ်စည်းလျှင် ၂၅၀၀ ကျပ်၊ ၁၅ တောင့်ပါ အစည်းတစ်စည်းလျှင် ၇၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

      ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးမှာ တစ်တောင့်လျှင် ၁၀၀ ကျပ်၊ ၁၀ တောင့်စည်း တစ်စည်းလျှင် ၈၅၀ ကျပ်၊ ဂေါ်ရခါးသီးမှာ အလုံးကြီးလျှင် တစ်လုံး ၂၅၀ ကျပ်၊ ၁၀ လုံးယူလျှင် ၂၂၀၀ ကျပ်၊ အလုံးသေးလျှင် တစ်လုံး ၂၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၁၈၀၀ ကျပ် ရှိပါသည်။

       ရှမ်းပြည်နယ်မှ ဝင်ရောက်လာသော ပန်းပွင့်(ခေါ်)ပန်းဂေါ်ဖီမှာ အပွင့်သေး တစ်ပွင့်လျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်၊ အလတ် တစ်ပွင့်လျှင် ၇၅၀ ကျပ်မှ ၈၅၀ ကျပ်အထိနှင့် အပွင့်ကြီး တစ်ပွင့် လျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိရှိကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ကုန်စိမ်းရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)