ယခုကာလသည် လမြတ်ဝါဆို အချိန်သမယဖြစ်သည့်အလျောက် ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် ဘုရားအမှူးရှိသော သံဃာတော်မြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းမှု ပြုကြသည့် ကာလဒါန အလှူပြုကြချိန်ဖြစ်ပါသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းဖြင့် “ဝါဆိုသင်္ကန်း၊ လှူဒါန်းသူမှာ သောတာပန်အလား မခြားတူစွာ၊ အပါယ်ဘေးက ကင်းဝေးလို့သာ ကောင်းလေစွ၊ ဒါနအကျိုးမှာ။ ဝါဆိုသင်္ကန်း လှူဒါန်းသူမှာ ရုပ်ရည်လှပ ဖြစ်ရမှန်စွာ၊ ပုဆိုးဝတ်စား ပေါများလို့သာ နိဗ္ဗာနန်း စံမြန်းရပေမှာ” အဆိုပါ စာအတိုင်းရရှိသော အကျိုးများလှပါသည်။ သို့ပါ၍ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းလိုကြသော ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝါဆိုသင်္ကန်းများကို နှစ်စဉ်ဝါဆိုလမတိုင်မီကာလမှ စတင်ကာ ဆက်ကပ်လှူဒါန်းမှုများ ပြုကြသလို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်သင်္ကန်းများလည်း ဆက်ကပ်လှူဒါန်းကြပါသည်။သို့ပါ၍ ယခုကာလသည် ဝါတွင်းကာလ ဝါဆိုသင်္ကန်း ကပ်လှူသည့် အချိန်ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်အား အာရုံပြု၍ မိမိနေအိမ်ရှိဘုရား ဆင်းတုတော်များအား ဝါဆိုသင်္ကန်းကပ်လှူမှုရှိကြသလို ဆရာတော်၊ သံဃာတော်များအားလည်း ဝါဆိုသင်္ကန်းများ ကပ်လှူမှုပြုကြသည့်အားလျော်စွာ ယခုကာလ သင်္ကန်းပရိက္ခရာဆိုင်များ အားလုံးလိုလိုတွင် ဝယ်ယူလှူဒါန်းလိုသူများ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြသည်ကို တွေ့ရပါသည်။
ဒါကြောင့် ပြည်မြို့ရှိ သင်္ကန်းပရိက္ခရာဆိုင်များတွင်လည်း ဝါဆိုသင်္ကန်း ဝယ်ယူလှူဒါန်း လိုသူများအနေဖြင့် သင်္ကန်းအပြင် ခြင်းများဖြင့်ပါ လှူဖွယ်အစုံထည့်၍ ရောင်းချမှုအပေါ် ဝယ်ယူသူများ များပြားလျက်ရှိကြပါသည်။ သင်္ကန်းဈေးနှုန်းများအနေဖြင့် အရည်အသွေးလိုက်၍ ဈေးကွာခြားမှုများရှိကြကာ တစ်စုံလျှင် ကျပ် ၂ သောင်းကျော်မှစ၍ သိန်းဂဏန်းကျော်အထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်လျက်ရှိကြပါသည်။ စီဝိုင်စီ သင်္ကန်းတစ်စုံလျှင် ၂၂၀၀၀ ကျပ်နှင့် အထက်၊ အင်ဒိုမာတင် သင်္ကန်းတစ်စုံလျှင် ၂၅၀၀၀ ကျပ်နှင့်အထက်၊ ကိုရီးယားရိုင်ဖယ် အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၂၈၀၀၀ ကျပ်နှင့်အထက်၊ ချည်ပေါင်းသား သင်္ကန်းတစ်စုံလျှင် ၃၀၀၀၀ ကျပ်နှင့်အထက်၊ ရိုင်ဖယ်မာတင် အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၄၅၀၀၀ ကျပ်နှင် အထက်၊ ဂျပန်လီနင် အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၅၅၀၀၀ ကျပ်နှင့်အထက်၊ ချည်သားစစ်စစ် ၁၀၀% အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၇၀၀၀၀ ကျပ်နှင့်အထက်၊ အမေရိကန် ချည်ပိုး/ဝါးပိုး အမျိုးအစား သင်္ကန်းတစ်စုံလျှင် ၁၅၀၀၀၀ ကျပ်နှင့်အထက်၊ ဝါးပိုးချည် သင်္ကန်းအမျိုးအစား သင်္ကန်းတစ်စုံလျှင် ၂၂၀၀၀၀ ကျပ်နှင့်အထက် စသည်ဖြင့် ပစ္စည်းအရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိကြပါသည်။ လှူဒါန်းသူများအနေဖြင့် မိမိတတ်နိုင်သည့် ငွေပမာဏအပေါ် မူတည်၍ ဝယ်ယူမှုများရှိကြသည့်အတွက် သင်္ကန်းအမျိုးအစား အစုံရောင်းချရကြောင်း သိရပါ သည်။ သင်္ကန်းအပြင် ဝါဆိုဖယောင်းတိုင်နှင့် အခြားလှူဖွယ်ပစ္စည်းများအား ခြင်းများဖြင့် ထည့်သွင်းထုတ်ပိုးရောင်းချမှုများလည်းရှိကြပါသည်။ အဆိုပါ ခြင်းများမှာ တစ်ခြင်းလျှင် ငွေကျပ် ၂၉၀၀၀/ ၃၀၀၀၀ ကျပ်ကျော်မှစ၍ သိန်းဂဏန်းကျော်အထိ သင်္ကန်းအမျိုးအစားနှင့် အခြားလှူဖွယ်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွားခြားမှုရှိကြကာ ဝယ်ယူလှူဒါန်းလိုသူများအနေဖြင့် မိမိတတ်နိုင်သည့် ငွေပမာဏအလိုက် ဝယ်ယူကြသည့်အတွက် ပြည်မြို့ရှိ သင်္ကန်း ပရိက္ခရာဆိုင်များတွင် ယခုလအတွင်း ဝါဆိုသင်္ကန်းရော သင်္ကန်းခြင်းများပါ အရောင်းအဝယ်သွက်နေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)