ပြည်ဒေသ၏ ကျောက်ဖရုံသီးဈေးကွက်

Powered by Drupal

     ကျောက်ဖရုံသီးပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ အသီးနှင့်အညွှန့်(၂) မျိုးလုံး စားသုံး၍ရပါသည်။ အရသာမှာ အချိုနှင့်အခါး(၂)မျိုးရှိပါသည်။ အခါးမျိုးမှာ အလုံးအနည်းငယ် အရွယ် အစားသေးပြီး အချိုမျိုးမှာ အလုံးကြီးပါသည်။ ဒေသထွက်ကျောက်ဖရုံသီးမှာ အများအားဖြင့် အချိုမျိုးဖြစ်ပါသည်။ ကျောက်ဖရုံပင်တစ်ပင်လုံးသည် ဆေးဖက်သောအပင်တစ်မျိုးဖြစ်ပါသည်။ အသီးတွင် ရေဓါတ်၊ အမျှင်ဓါတ်များစွာပါဝင်သောကြောင့် အစာခြေဖျက်မှုကိုအားကောင်းစေပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ ကယ်လိုဓါတ်ပါဝင်မှုနည်းသည့်အတွက် ဆီးချိုသမားများ စားလျှင်သင့်တော်ပါသည်။ အဝလွန်သူများအတွက် ကိုယ်အလေးချိန်လျော့ချရာတွင် အထောက်အကူပြုစေပြီး ကျောက်ကပ်သမားများအတွက်လည်း အထူးသင့်တော်ပါသည်။ အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေသည့်အတွက် ခန္ဓာကိုယ်အတွင်း အပူဓါတ်များလျှင် ကျောက်ဖရုံသီးကို ဟင်းချိုချက်သောက်ပေးရုံဖြင့် အပူကိုကျစေသည့်အပြင် ဝမ်းချုပ်ရာတွင် ဖျော်ရည်အဖြစ် သောက်သုံးပေးလျှင် သက်သာစေပါသည်။ ကျောက်ဖရုံသီးကို ဟင်းချက်စားသောက်ခြင်း၊ မုန့်နှစ်ဖြင့်ကြော်စားခြင်းနှင့် ကျောက်ဖရုံအရွက်အား ပြုတ်၍သုပ်စားလျှင်လည်း အရသာကောင်းမွန်ပါသည်။

      ကျောက်ဖရုံသီးပင်အားစိုက်ပျိုးရာတွင် လွယ်ကူစေပြီးမြေနေရာဒေသမရွေး စိုက်ပျိုးနိုင်ပါသည်။ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာတွင် မြေပြင်တွင်အစေ့ကို ကျဲပက်၍စိုက်ပျိုးနိုင်သလို စီးပွားဖြစ် စိုက်ပျိုးလျှင် စင်ထိုးပြီး စနစ်တကျစိုက်ပျိူးကြပါသည်။ ထွက်ရှိရာဒေသများမှာ ရွှေတောင်မြို့နယ် တွင်မီးလောင်အုပ်စု၊ မီးလောင်ရွာတွင်လည်းကောင်း၊ ပြည်မြို့နယ်ဒေသ အနီးတဝိုက်ဖြစ်သော သဲကုန်း၊ ပုတီးကုန်းစသည့်ဒေသများတွင် အများအပြားထွက်ရှိပါသည်။ ဒေသထွက်ကုန်ဖြစ်သော ကျောက်ဖရုံသီးများအား ကုန်စိမ်းဒိုင်များမှ တစ်ဆင့် ရန်ကုန် သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပြည်မြို့နယ်ဈေးကွက်တွင် ကျောက်ဖရုံသီးတစ်လုံးလျှင် ယခုအပတ်တွင် အကြီးအသေးပေါ်မူတည်ပြီး တစ်လုံးလျှင် (၁၀၀၀ - ၁၅၀၀)ကျပ်ဖြင့် ရောင်းချပြီး အစိပ်စိပ်ပြီးရောင်းချရာတွင် တစ်စိပ်လျှင် (၂၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)