လီလီပန်းပင်မျိုးသည် ဥယျဉ်ခြံများတွင် အလှစိုက်ပျိုးရာ၌ လူကြိုက်များသော အပင်မျိုးတစ်ခုဖြစ်သည်။ လီလီပန်းများသည် မကြီးလွန်း၊ မငယ်လွန်း အရွယ်အနေတော်ဖြစ်၍ အလွန်လှပသည့်အပြင် အနံ့လည်းမွှေးကြိုင်သောအလွန်တန်ဖိုးထားကြသည်။ လီလီပန်းမျိုး၏ မူလပေါက်ရာဒေသမှာ မြောက်သမပိုင်းဒေသများမှဖြစ်သည်။ လီလီပန်းမျိုးရင်းတွင် မျိုးဥပေါင်း (၂၀၀)ကျော်မျှရှိပြီးလျှင် မျိုးစိတ်ပေါင်း (၂၀၀၀)ခန့်ရှိပါသည်။ လီလီပန်းမျိုးများတွင် တရုတ်လီလီပန်းနှင့် ဂျပန်လီလီပန်းဟု နှစ်မျိုးရှိပါသည်။ လီလီပန်းများသည် အမြင့်နှစ်ပေမှ ငါးပေထိရှိကြသည်။ လီလီပန်း မျိုးဥတွင် လီလီပန်းပင်အစစ်မှာ ပင်စည်မတ်၍ အရွက်များသေးသွယ်ရှည်လျားပြီး အညှာမရှိဘဲ ပင်စည်တွင်ကပ်၍ ရွက်လွှဲဖြစ်စေ ၊ ပင်စည်တစ်ဝိုက်ပတ်၍ဖြစ်စေ ထွက်ကြသည်။ လူသိများ၍ ထင်ရှားသော လီလီပန်းမျိုးထဲတွင် ဂျပန်လီလီပန်းမျိုးလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းပန်း၏ အရောင်မှာ အနီရင့်ရောင် အောက်ခံတွင်မရမ်းရောင် အစက်ကလေးများရှိသဖြင့် အလွန်လှပသည်။ အလှဆုံးကား အီစတာလီလီခေါ် အဖြူဆွတ်ဆွတ်လီလီပန်းဖြစ်သည်။ အပွင့်တစ်ပွင့်လုံးမှာ အစက်အပျောက်မရှိဘဲ ဆွတ်ဆွတ်ဖြူနေသဖြင့် ကျက်သရေရှိလှပါသည်။
လီလီပန်းပင် မြောက်များစွာရှိသည့်အလျောက်တွင် ပန်းများအရောင်မှာလည်း အမျိုးမျိုး ကွဲပြားခြားနားလျက်ရှိရာ အပွင့်တိုင်းတွင် တစ်မျိုးစီလှ၍ ကျက်သရေရှိလှပါသည်။
ယခုအခါ ပြည်ဈေးကွက်အတွင်းတွင် ရောင်းချသော လီလီပန်းများမှာ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှဝင်ရောလာသောပန်းများဖြစ်ပါသည်။ ယခုဩဂုတ်လ ပထမပတ်တွင် ပြည်ဈေးကွက်၌ ရောင်းချသော လီလီပန်းဈေးနှုန်းများအနေဖြင့် လီလီပန်းတစ်ခိုင်လျှင် (၃၅၀၀ - ၄၀၀၀) ကျပ် ဈေးဖြင့်အရောင်းအဝယ်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)