ပေါက်ခေါင်းမြို့နယ် မတောင့်တကျေးရွာတွင် နွေစပါးများ အထွက်ကောင်း၍ တောင်သူများအဆင်ပြေလျက်ရှိ

Powered by Drupal

    ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မတောင့်တကျေးရွာတွင် နွေစပါးများကို ယခင်ဇွန်လကုန်ပိုင်းမှစ၍ နွေစပါးများရိတ်သိမ်းချွေလှေ့ကြောင်း သိရပါသည်။ ထိုကျေးရွာတွင် ယခုနွေစပါး စိုက်ပျိုးသူတောင်သူများအနေဖြင့် ယခုနွေစပါး ရာသီချိန်တွင် စပါးများအထွက်နှုန်း ကောင်းမွန်သဖြင့် လယ်ကောင်းရင်ကောင်းသလို တစ်ယောက်စိုက်ကို (၅၀)တင်းထွက်ရှိ၍ တစ်ဧကလျှင် တင်း(၂၀၀)ခန့် ထွက်ရှိသည်ဟု သိရပြီး လယ်အနည်းငယ်ညံ့လျှင် တစ်ဧကကို အောက်ထစ် စပါးတင်း (၁၃၀)ခန့်ထွက်သဖြင့် ယခင်နှစ်ထက် စပါးအထွက်နှုန်းကောင်းသည်ဟု နွေစပါးစိုက် တောင်သူတစ်ဦးထံမှ သိရှိရပြီး အကျိုးအမြတ်များစွာရရှိကြောင်း သိရပါသည်။ ယခင်နှစ်တွင် နွေစပါး တစ်ဧက အထွက်နှုန်းမှာ တင်း(၁၀၀)ခန့်သာရရှိခဲ့ပြီး ယခုနှစ်တွင် နွေစပါးပေါ်ခါနီးတွင် မိုးအနည်းငယ်ရွာသွန်း၍ ရာသီဥတု ကောင်းမွန်သဖြင့် နွေစပါးအထွက်နှုန်းကောင်းသည်ဟု သိရပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ထိုင်းနှံကောက်မျိုး၊ ဗီယက်နန်မျိုးနှင့် GW-11 မျိုးတို့ဖြစ်ပြီး ယခု အချိန် လယ်သမားများအနေဖြင့် စက်များဖြင့်ရိတ်သိမ်းခြွေလှေ့ကြ၍ လူအင်အား ပင်ပန်းခြင်းမရှိဘဲ ရိတ်သိမ်းခြွေလှေ့သည့် လယ်ကွင်းနှင့် ရွာထိပ်တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်ဘက်မှ စပါးကုန်သည်ပွဲစားများက (၁၂)ဘီးကား (၁၆)ဘီးများဖြင့် စပါးအစိုအတိုင်း လာရောက်ဝယ်ယူကြကြောင်း သိရပါသည်။

        စပါးများဝယ်ယူရာတွင် ဈေးနှုန်းအနေဖြင့် စပေါ်ချိန်ဇွန်လကုန်အချိန်က စပါးအစို  ပေါင်(၅၀) တင်း(၁၀၀)လျှင် (၁၁)သိန်း၊ (၁၂)သိန်းအထိဈေးပေါက်နေပြီး ယခုအချိန် ဩဂုတ်လ ပထမပတ်တွင် စပါးအစို ပေါင်(၅၀)တင်း(၁၀၀)လျှင် (၁၅၀၀၀၀၀)ကျပ်ဖြင့် ဝယ်ယူကြကြောင်း သိရပါသည်။ ယခင်နှစ်တွင် နွေစပါးဈေးမှာ ပေါင်(၅၀)တင်း(၁၀၀)လျှင် (၉၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် ထိုကျေးရွာရှိ နွေစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းလည်းကောင်း ဈေးလည်းကောင်းသဖြင့် တောင်သူများနွေစပါးကြောင့် အကျိုးအမြတ်များရရှိကြသဖြင့် နောင်လာ မည့်နှစ်များတွင်လည်း နွေစပါးများကို ထပ်မံတိုးချဲ့၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)