ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် ရာသီစာ မန်ကျည်းသီးစိမ်းများ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် ဒေသထွက် ရာသီစာ မန်ကျည်းသီးစိမ်းများကို ဇူလိုင်လဝက်လောက်မှ စတင်ရောင်းချနေပီဖြစ်၍ ယခုအချိန်တွင် မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါနေပြီဖြစ်ကာ မိသားစု တဖက်တလမ်းမှ ဝင်ငွေရရှိနေအောင် ခူးဆွတ်ရောင်းချနေကြပါသည်။

    မန်ကျည်းပင်သည် ရာသီဥတုပူသော နွေရာသီ၌ အေးမြသောအရိပ်ပေးနိုင်ပါသည်။ လူသားများ အတွက် မန်ကျည်းပင်သည် အရွက် ၊ အပွင့်၊ အသီးအနု၊ အသီးအရင့်၊ အသီးအမှည့်၊ ပင်စည်ကို စင်းနီတုန်း အဖြစ် ပြုလုပ်ရောင်းချခြင်းနှင့် အပင်မှ အခေါက်များပါမကျန် မန်ကျည်းတစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ မန်ကျည်းပင်သည် နှစ်ရှည်ပင်ဖြစ်၍  သဘာဝအရ အလေ့ကျပေါက်ရောက်ပီး အရိပ်ရအပင်ဖြစ်ပါသည်။ ကျေးလက်တောရွာများတွင်မူ ခြံစည်းရိုအဖြစ် စိုက်ပျိုးကြပါသည်။

    ယခုအချိန်တွင် မိုးရာသီရောက်ရှိနေပြီး ဖြစ်သည့်အတွက် ရာသီစာဟင်းကြမ်းတစ်ခုအနေဖြင့် မန်ကျည်းသီးစိမ်းကို အထောင်းသက်သက်ပြုလုပ်၍လည်းကောင်း၊ ပုစွန်ဆိတ်ဖြင့်ကြော်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းငပိချက်ချက်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းနဲ့မျှစ်တို့ကြော်၍လည်းကောင်း အရန် ဟင်းတစ်ခွက်အဖြစ် စားသောက်ကြပါသည်။ မန်ကျည်းသီးစိမ်းဟာဆိုလျှင် ဗီတာမင်ဓါတ်များ ပါဝင်မှုများသလို သံဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်စီယမ်ဓါတ် စသည့်အဟာရဓါတ်များ ပါဝင်သည်။ ခန္တာကိုယ်အလေး ချိန်ကိုလျော့ချပေးသလို သွေတွင်းအချိုဓါတ်များကိုလည်း ထိန်းညှိပေးပါသည်။ မန်ကျည်းသီးစိမ်းကို သံဓါတ်ချို့တဲ့သူများ၊ ဆီးချိုရောဂါရှိသူများ ပိုမိုစားသုံးသင့်ပြီး ရင်ကြပ်ရောဂါရှိသူများအနေနဲ့ အများကြီး မစားသုံးသင့်ကြောင်း ဆေးပညာစာအုပ်များတွင် တွေ့ရှိရပါသည်။

     မန်ကျည်းသီးစိမ်းများကို ဇူလိုင်လဝက်လောက်တွင် စတင်ခူးဆွတ် ရောင်းချရပြီး ရေနွေးကြမ်း ပန်းကန်တစ်လုံးစာ တစ်ပုံလျှင်(၅၀၀)ကျပ်ခန့် ရောင်းချရပြီး ယခုဩဂုတ်လ တတိယပတ်၌ လှိုင်လှိုင် ပေါလာပြီဖြစ်၍ နို့ဆီတစ်ဘူးစာလျှင်(၅၀၀)ကျပ် ၊ တစ်ပြည်လျှင် (၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးအနည်းငယ်လျော့နည်းလာကြောင်း သိရပါသည်။ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး မန်ကျည်းသီးများကို လက်လီ/လက်ကားရောင်းချခြင်း လုပ်ကိုင်နေသူများအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)