ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်တည်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့နယ်၊ ဗိုလ်ကုန်းကျေးရွာသို့သွားရောက်၍ တိုင်ထောင်ပဲ (ပဲသီး) စိုက်တောင်သူနှင့် (၁၆-၈-၂၀၂၃ ) ရက်နေ့တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
တိုင်ထောင်ပဲသီးစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ထုပ် အထုပ်(၂၀)ခန့်ကိုအသုံးပြုရပြီး တစ်ထုပ်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် (၂)သိန်းကျပ်၊ ဆေးဖိုး၊ အလုပ်သမားခနှင့် တိုင်ထောင်ရာတွင် ဝါးဖိုးကုန်ကျစရိတ်မှာ (၁) သိန်းကျပ်၊ စုစုပေါင်းကုန်ကျစရိတ် (၃) သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ တစ်လခွဲခန့်ကြာလျှင်စတင်ခူးဆွတ်ရပြီး တိုင်ထောင်ပဲတစ်ပင်လျှင် (၆)တောင့်မှ (၁၀)တောင့်ခန့်အထိထွက်ရှိပါသည်။ တစ်တောင့်လျှင် (၁၂)ကျပ်မှ (၁၅)ကျပ်အထိရောင်းချရပြီး ဝက်ပုတ်ကုန်စည်ဒိုင်များက ခြံထဲ၊ ကိုင်းထဲသို့ လာရောက်ဝယ်ယူမှုများရှိပါသည်။ ဈေးနှုန်းအတက်/အကျပေါ်မှုတည်ပြီး တစ်ဧကလျှင် ဝင်ငွေ (၆)သိန်းကျပ်ခန့်ရရှိသဖြင့် တိုင်ထောင်ပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသောသီးနှံဖြစ်ပါကြောင်း သိရပါသည်။
DOCA(ပဲခူး)