ရာသီချိန်ကုန်ဆုံးတော့မည့် ကော့လုံဒေသထွက် မျှစ်

Powered by Drupal

    “ငါးပိမှာ ကော့ရင်း မျှစ်မှာ ကော့လုံ” ဆိုသည့်အတိုင်း ကရင်ပြည်နယ်တွင် ရေချိုငါးပိအကောင်းဆုံးမှာ ကော့ရင်းဒေသထွက် ငါးပိဖြစ်ကြောင်းနှင့် ငါးပိရည်နှင့် တွဲဖက်စားသုံးသော မျှစ်ချို (ဝါးနွယ်မျှစ်) မှာ ကော့လုံဒေသထွက် မျှစ်များဖြစ်ကြောင်း ဒေသခံများက ဆိုရိုးပြုရသည့်တိုင် မြန်မာလူမျိုးများနှစ်ခြိုက်စွာတွဲ၍ စားသုံးကြသည့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကော့လုံဒေသထွက် မျှစ်များမှာ မကြာမီတွင် မျှစ်ချိုးချိန် /မျှစ်ပေါ်ချိန်ရာသီကုန်ဆုံးတော့မည်ဖြစ်သည်။

   ကရင်ပြည်နယ်၊ ကော့လုံဒေသထွက် ဝါးနွယ်မျှစ် (မျှစ်ချို) များသည် နှစ်စဉ် မိုးဦးကျချိန် မေလနှောင်းပိုင်းတွင် စတင်ထွက်ပေါ်လေ့ရှိပြီး ဩဂုတ်လတွင် မျှစ်ချိုးရာသီကုန်ဆုံးလေ့ရှိသည်။ ကရင်ပြည်နယ်၊ ကော့လုံဒေသထွက် မျှစ်များသည် ပေါ်ဦးပေါ်စအချိန်တွင် ၁ပိဿာလျှင် ၁သောင်းကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် မျှစ်ပေါ်သည့်ကာလ ဇွန်လနှင့် ဇူလိုင်လတို့တွင် ၁ပိဿာလျှင် ၂၅၀၀ကျပ်သာဈေးနှုန်းရရှိကြောင်း၊ လက်ရှိတွင် ၁ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ကော့လုံဒေသထွက် မျှစ်များကို ဘားအံမြို့၊ ရေပေါ်ဈေးတွင်လာရောက်ရောင်းချနေသော ဒေသခံတိုင်းရင်းသူတစ်ဦးက မျှစ်ရောင်းချရမှုနှင့်ပတ်သက်၍ “ အေး ကော့လုံက လာရောင်းတာ၊ မျှစ်က ဒီလဆိုကုန်တော့မှာလေ၊ ခု ၁ပိဿာ ၃၅၀၀ ရောင်းတယ်၊ တစ်နေ့ကို ၅သောင်းဖိုးလောက် ရောင်းရတယ်၊ ကယ်ရီခ ၅ထောင်ပေးရတယ်၊ ငါ့အတွက် ၂သောင်းလောက်ကျန်တယ်၊ နင်လိုချင်ယူသွား” ဟု ခပ်ပြုံးပြုံးဖြင့် ပြောပြလေသည်။ မျှစ်ကို ဝါးပင်ရက်သတ္တပတ် နှစ်ပတ်သား မတိုင်ခင် ဝါးပင်ပေါက်အရွယ်၌ ချိုးယူ၍ မျှစ်အဖြစ် စားသောက်ခြင်းဖြစ်ကြောင်းနှင့်  မျှစ်ကို ချက်ချင်းလက်ငင်းချိုးယူ၍ ငါးပိရည်၊ ငရုတ်သီးစပ်စပ်တို့နှင့် တို့မြှုပ်၍  စားသုံးနိုင်သကဲ့သို့ တာရှည်ခံအောင်ထား၍လည်း နည်းအမျိုးမျိုးစားသုံးကြလေ့ရှိပြီး မြန်မာလူမျိုများကြိုက်နှစ်သက်သော အစား အစာတစ်မျိုးဖြစ်ပေသည်၊၊ 

DOCA(ကရင်)