![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/28.2_3.jpg?itok=z4JQbwGW)
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ငရုတ်၊သီးနှံများအပြင် နနွင်းသီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်အတွင်းတွင် သြဂုတ်လ တတိယပတ်အထိ နနွင်းစိုက်ဧက စုစုပေါင်း(၉၀၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ နနွင်းသီးနှံသည် စျေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အလျှောက် နနွင်းတက်များမပေါ်မီ နနွင်းဖူးများကိုလည်း ရောင်းချရသောကြောင့် မိသားစုအပိုဝင်ငွေများလည်း ရရှိပါသည် ။ နနွင်းစိုက်ပျိုးမှုအနေဖြင့် နနွင်းအတက်စိုက်ပျိုးပါက (၁၅-၁၆)တင်း စိုက်ပျိုးရကြောင်း ၊ စိပ်စိပ် စိုက်ပျိုးမည်ဆိုပါက (၁၈)တင်းအထိကုန်ကျနိုင်ကြောင်း ၊ နနွင်းဂေါင်းကို စိုက်ပျိုးပါက တင်း(၃၀-၃၅) အထိစိုက်ပျိုးရကြောင်း၊ မျိုးနနွင်းအတက်(၁)တင်းလျှင်(၈၈၀၀/-)ကျပ်နှင့် နနွင်းဂေါင်းမျိုး(၁)တင်းလျှင်(၇၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု အပါအဝင်(၁၈၂၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် နနွင်းအတက် (၁)ပိဿာလျှင် (၄၂၀၀/-)ကျပ် ၊ နနွင်းဂေါင်း(၁)ပိဿာလျှင်(၄၀၀၀/-)ကျပ် ၊ နနွင်းမှုန့် (၁)ဗူးလျှင်(၈၀၀/-)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခုနှစ် နနွင်းအတက် အဟောင်း(၁) ပိဿာလျှင် (၆၅၀၀/-)ကျပ် ၊ နနွင်းဂေါင်း (၁)ပိဿာလျှင်(၆၀၀၀/-)ကျပ် ၊ နနွင်းမှုန့်(၁)ဗူးလျှင်(၁၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ တစ်ဧက အထွက်နှုန်းအနေဖြင့် ယခင်နှစ် အထွက်ပိဿာ(၈၀၀၀)ထွက်ရှိကြောင်း ၊ တောထုတ် လှည်းတစ်စီးအနေဖြင့်(၁)ဧက(၁၂-၁၅)စီး အထိ ထွက်ရှိကြောင်း ၊ လှည်းတစ်စီး တောထွက်အစိုကို ရေနွေးဖျောပါက ပိဿာ(၆၀-၆၅) ထွက်ရှိကြောင်း ၊ ယခုနှစ်တွင် မိုးကောင်းသောကြောင့် နနွင်းခင်းများ ပိုဖြစ်ထွန်းလျက်ရှိကြောင်း ကွင်းဆင်းသည့်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)