ဆိပ်ဖြူမြို့၌ ကြက်သွန်နီများမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(တတိယပတ်) (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း ကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ တစ်ရက်လျှင် ပိဿာ(၃)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၂) သိန်းခန့်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပိဿာ(၅)သိန်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရသည်။
ယခုတစ်ပတ်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) (၁)ပိဿာလျှင် ကျပ် (၂၉၀၀-၂၆၅၀)၊ အလတ်စ(၁)ပိဿာလျှင် ကျပ်(၂၇၀၀-၂၆၀၀)၊ အနိမ့်ဈေး(၁)ပိဿာလျှင် ကျပ်(၂၅၀၀-၂၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်အပတ်တွင် ကြက်သွန်နီထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၂၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် အမြင့်ဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၆၅၀) ဈေးနှုန်းမြင့်တက်ကြောင်းနှင့် အလတ်စနှင့် အနိမ့်စမှာ (၇၀၀)ကျပ်ဈေးတက်ကာ အရောင်းအဝယ်ဖြစ်နေပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် မြဝတီ၊ မော်လမြိုင်မြို့မှ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် မြဝတီမှတဆင့် ထိုင်းနိုင်ငံသို့ ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုဩဂုတ်လ (တတိယပတ်)အတွင်း စုစုပေါင်းကြက်သွန်နီမှာ ပျမ်းမျှအားဖြင့် ပိဿာ(၅)သိန်းခန့်၊ (၁၆၆၆၇) အိတ်၊ တန်ချိန်(၈၁၆)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။
ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီအရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၉၀၀-၃၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(မကွေး)