တောင်ငူမြို့နယ်၊ ရှမ်းဝတီးကျေးရွာ ဗီယက်နမ်မျိုး‌ မြေပဲများ အထွက်ကောင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာရှိ တောင်သူလယ်သမားများမှာ ဗီယက်နမ်မျိုး မြေပဲများကို စိုက်ပျိုးကြရာ အထွက်ကောင်းကြောင်း သိရပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရှမ်းဝတီးကျေးရွာမှ စိုက်ပျိုးထားသည့် မြေပဲများမှာ ဗီယက်နမ်မျိုးများ ဟုတ်/မဟုတ် သွာရောက်စစ်ဆေးကြည့်ရှုရာ အထွက်ကောင်း ဗီယက်နမ်မျိုးများဖြစ်သည်ကို တွေ့ရပါသည်။

   ရှမ်းဝတီးကျေးရွာတွင် ယခင်နှစ်များက ပဒေသာမျိုးများကို စိုက်ပျိုးပါသည်။ အထွက်နှုန်းနည်းသည့်အတွက် ယခုနှစ်တွင် ဗီယက်နမ်မျိုးကို ပြောင်းလဲစိုက်ပျိုးကြပါသည်။ ဗီယက်နမ်မျိုး မြေပဲကို ထန်းတပင်မြို့နယ် ရွှေဈေးရွာ ဦးအောင်ကိုမြင့်ထံမှ ဝယ်ယူရရှိပါသည်။ ၎င်းမြေပဲမျိုးသည် သက်တမ်းသုံးလသာရှိပါသည်။

  မြေပဲစတင်စိုက်ပျိုးသည့် ရာသီက မျိုးမြေပဲတစ်တင်းကို ၃၇၀၀၀ ကျပ် ဝယ်ယူရပါသည်။ တစ်ဧကလျှင် မျိုးမြေပဲ လေးတင်း အသုံးပြုရပါသည်။ ဆီကြိတ်မည့်မြေပဲကို စိုက်ပျိုးပြီး သုံးလခွဲ အထိထားသောကြောင့် မြေပဲမျာပိုအောင်ပြီး ဆီထွက်နှုန်းလည်းကောင်းပါသည်။

      မြေပဲများ နုတ်သိမ်းသည့်အချိန်တွင် ကျေးရွာရှိလုပ်သားများ ဝင်ငွေရကြပါသည်။ ပဲနုတ်ခ တစ်ရက် ၇၀၀၀ ကျပ်၊ ပဲတောင့်ချွေခ တစ်တင်း ၃၀၀၀ ကျပ် ပေးရပါသည်။ ယခုကာလပေါက် ဈေးမှာ မြေပဲဆံတစ်ပိဿာ ၉၄၀၀ ကျပ်ရှိပါသည်။ ဗီယက်နမ်မျိုးမြေပဲသည် တစ်ဧကလျှင် ၈၀ တင်း ခန့် ထွက်ရှိပါသည်။

   မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲရိုးခြောက်များကို နွားစာအဖြစ် အသုံးပြုကြပါသည်။ ကျွဲ၊ နွားမရှိသည့် တောင်သူများက မြေဩဇာရရှိရန် မြေပဲရိုးခြောက်များအား မြေပဲစိုက်မည့် အခင်းသို့ ပြန်ခါချကာ သဘာဝမြေဇာအဖြစ် အသုံးပြုကြပါသည်။

    မြေပဲကိုကြိတ်၍ရသော မြေပဲဆီသည် ကျန်းမာရေးအတွက် သင့်လျော်သည့် စားသုံးဆီလည်းဖြစ်ပါသဖြင့် ဝင်ငွေလည်းတိုး ကျန်းမာရေးအတွက်လည်း အကျိုးပြုသည့် ဗီယက်နမ်မျိုး မြေပဲကို စိုက်ပျိုးသင့်ကြောင်း ရှမ်းဝတီးရွာမှ တောင်သူလယ်သမားကြီး ဦးဝင်းနိုင်၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)