ရာသီစာ မန်ကျည်းသီး

Powered by Drupal

    ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ပေါ်ကာစအချိန် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀/ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်    ရှိနေခဲ့သော်လည်း ယခုအချိန်မှာတော့ တစ်ဆယ်ကျပ်သားလျှင် ၄၀၀/မှ ၅၀၀/ကျပ် ဈေးသို့ကျဆင်းလာခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ရာသီစာသီးနှံလည်းဖြစ်သလို သဘာဝအလျောက်အပင်ကြီးများမှ အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်လည်း လူတို့စားသုံးနိုင်ပါသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍လည်းကောင်း၊ ထောင်းစား၍ လည်းကောင်း၊ မန်ကျည်းသီးစိမ်း ငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်၍ စားသုံးနိုင်ပါသည်။ မန်ကျည်းသီးမှည့် ဈေးကွက်အနေဖြင့် အစေ့မပါ တစ်ပိဿာလျှင် (၃၅၀၀)မှ (၄၀၀၀) ကျပ် ဈေးနှုန်းဖြင့် အတက်အကျမရှိ ဈေးငြိမ်နေပါသည်။

      မြန်မာ့ဆေးကျမ်းများအလိုအရ မန်ကျည်းသည် ပူ၏ ၊ ချဉ်၏၊ သည်းခြေကိုဖြစ်စေ၏၊ သလိပ် ကို ပွားစေ၏၊ လေကိုနိုင်၏၊ အရွက်သည် ရောင်တင်းခြင်း၊ သွေးဖောက်ပြန်ခြင်း၊ နားရောဂါ၊ မျက်စိ ရောဂါ၊ မြွေဆိပ်သင့်ခြင်း တို့ကိုနိုင်၏၊ အသီးစိမ်းသည်ချဉ်၏၊ ချို၏၊ ပူ၏၊ သလိပ်ကို ဖြစ်စေ၏၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့်လေကိုနိုင်၏၊ မန်ကျည်းမှည့်ကို ဝမ်းချုပ်တတ်သူများအနေဖြင့် မန်ကျည်း ဖျော်ရည်ပြုလုပ်ပြီးသောက်သုံးပေးပါက ဝမ်းသွားခြင်းပုံမှန်ဖြစ်စေသည်။ နေပူမိပြီး မျက်လုံးများ ကျိန်းအောင့်နာပါက မန်ကျည်းပင်၏ အခေါက်ကို သွေး၍ မျက်လုံးတစ်ဝိုက်တွင် ကွင်းပြီး လိမ်းပေးခြင်းဖြင့် မျက်စိနာရောဂါကို သက်သာစေပါသည်။

      မန်ကျည်းပင်၏အရိပ်သည် အေးမြသောအရိပ်ကိုပေး၏၊ ရွက်နုမှ စ၍ ရွက်ကြမ်းဘဝ၊ အသီး၊ အပွင့်၊ အခေါက်စသည့် မန်ကျည်းတစ်ပင်လုံးကို လိုသလို အသုံးပြုနိုင်သောကြောင့် မန်ကျည်းပင်၏ အကျိုးကျေးဇူးများကား အံ့မခန်းဖွယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)