မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကအားထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီးတွင်လည်း ပဲမျိုးစုံ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စားဖိုဆောင်သုံးသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ယခင်စိုက်ပျိုးသည့် မြေများအပြင် မြေယာများလည်း ထပ်မံဖော်ထုတ် စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါတွင်လည်း မကွေးခရိုင်၊ မကွေးမြို့၊ တပ်ကုန်းကျေးရွာ၊ စနစ်ကျလယ်ယာမြေ (စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို (၅-၅-၂၀၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၅-၇-၂၀၂၃)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ လယ်ယာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးကိုအခြေခံသည့် ကျေးရွာဖြစ်သဖြင့် မိုးစပါးရာသီချိန်အမီ စိုက်ပျိုးနိုင်ရန်စီမံကိန်းဖြစ်ပါသည်။
လုပ်ငန်းစီမံကိန်းဖြစ်ပေါ်လာပုံ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်သည်ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသတွင်ပါဝင်၍ နှစ်စဉ်ပျမ်းမျှမိုးရေချိန် (၂၉)လက်မခန့်သာရရှိပါသည်။ နှစ်စဉ် သီးနှံစိုက်ပျိုးရာတွင် သဘာဝမိုးရေကိုသာ အဓိကမှီခိုအားထားစိုက်ပျိုးနေရသဖြင့် တစ်နှစ်လျှင် စပါးနှင့် အခြားသီးနှံ(၂)သီးသာစိုက်ပျိုးနိုင်ခဲ့ပါသည်။ လယ်ယာမြေများတိုးချဲ့ဖော်ထုတ်ပြီး တိုင်းဒေသကြီးသည် ရေရရှိရေးနည်းလမ်း(၆)သွယ်အနက် တစ်ခုဖြစ်သော မြစ်ချောင်းများမှရေကိုစုပ်တင်၍ စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စနစ်ကျလယ်ယာမြေ(စံပြကွက်များ)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
လုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်
တပ်ကုန်းကျေးရွာ စနစ်ကျလယ်ယာ(စံပြကွက်)များအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စုဒေသရှိ စနစ်ကျလယ်ယာမြေစံပြကွက်များတွင် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးကာ သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများတိုးတက်လာစေရန်၊ ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြေစေရေးအတွက် အထောက်အကူပြုစေနိုင်ရုံသာမက ဒေသအတွင်းတောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်ပါသည်။
စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စက်မှုလယ်ယာဦးစီးဌာန၊ အင်ဂျင်နီယာပိုင်းဆိုင်ရာစူးစမ်းလေ့လာခြင်းနှင့် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် လယ်ယာမြေ (၁၆၄) ဧက ဖော်ထုတ်ဆောင်ရွက်ခြင်းအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးများကိုး စတင်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက် ပထမဦးတည်ချက်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၏ အဓိကလုပ်ငန်းဖြစ်သော စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု၊ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုတို့ဖြင့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အကွက်ဖော်မြေညှိထားသော လယ်ယာမြေများတွင် ပိုမိုကောင်းမွန်စွာစိုက်ပျိုး၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စနစ်ကျလယ်ယာမြေ (စံပြကွက်များ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်အတူ စိုက်ပျိုးသီးနှံများအား ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် ယခင်(၂)သီးသာစိုက်ပျိုးရာမှ တစ်နှစ်ပတ်လုံး (၃)သီး ပိုမိုတိုးချဲ့၍စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအား၊ သီးနှံအထွက်နှုန်းများလည်းတိုးတက်လာခြင်း၊ ဒေသ စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေခြင်း၊ စီးပွားရေးနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေခြင်း စသည့်အကျိုးအမြတ်များကို ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများရရှိခံစားနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
DOCA(မကွေး)