Main menu

မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာ၌ စနစ်ကျလယ်ယာမြေ(စံပြကွက်များ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်

Powered by Drupal

  မြန်မာနိုင်ငံသည် စိုက်ပျိုး‌ရေးကိုအဓိကအားထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီးတွင်လည်း ပဲမျိုးစုံ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စားဖိုဆောင်သုံးသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ယခင်စိုက်ပျိုးသည့် မြေများအပြင် မြေယာများလည်း ထပ်မံဖော်ထုတ် စိုက်ပျိုးလျက်ရှိပါသည်။ ယခုအခါတွင်လည်း မကွေးခရိုင်၊ မကွေးမြို့၊ တပ်ကုန်းကျေးရွာ၊ စနစ်ကျလယ်ယာမြေ (စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို (၅-၅-၂၀၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂၅-၇-၂၀၂၃)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ လယ်ယာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးကိုအခြေခံသည့် ကျေးရွာဖြစ်သဖြင့် မိုးစပါးရာသီချိန်အမီ စိုက်ပျိုးနိုင်ရန်စီမံကိန်းဖြစ်ပါသည်။

လုပ်ငန်းစီမံကိန်းဖြစ်ပေါ်လာပုံ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်သည်ပူပြင်းခြောက်သွေ့ပြီး အလယ်ပိုင်းမိုးနည်းရေရှားဒေသတွင်ပါဝင်၍ နှစ်စဉ်ပျမ်းမျှမိုးရေချိန် (၂၉)လက်မခန့်သာရရှိပါသည်။ နှစ်စဉ် သီးနှံစိုက်ပျိုးရာတွင် သဘာဝမိုးရေကိုသာ အဓိကမှီခိုအားထားစိုက်ပျိုးနေရသဖြင့် တစ်နှစ်လျှင် စပါးနှင့် အခြားသီးနှံ(၂)သီးသာစိုက်ပျိုးနိုင်ခဲ့ပါသည်။ လယ်ယာမြေများတိုးချဲ့ဖော်ထုတ်ပြီး တိုင်းဒေသကြီးသည် ရေရရှိရေးနည်းလမ်း(၆)သွယ်အနက် တစ်ခုဖြစ်သော မြစ်ချောင်းများမှရေကိုစုပ်တင်၍  စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် စနစ်ကျလယ်ယာမြေ(စံပြကွက်များ)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။

လုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်

    တပ်ကုန်းကျေးရွာ စနစ်ကျလယ်ယာ(စံပြကွက်)များအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် မကွေးမြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စုဒေသရှိ စနစ်ကျလယ်ယာမြေစံပြကွက်များတွင် စပါးနှင့် အခြားသီးနှံများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးကာ  သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်းများတိုးတက်လာစေရန်၊ ဒေသဝမ်းစာဖူလုံရေးနှင့် ဒေသစိမ်းလန်းစိုပြေစေရေးအတွက် အထောက်အကူပြုစေနိုင်ရုံသာမက ဒေသအတွင်းတောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

  စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စက်မှုလယ်ယာဦးစီးဌာန၊ အင်ဂျင်နီယာပိုင်းဆိုင်ရာစူးစမ်းလေ့လာခြင်းနှင့် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများ‌၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် လယ်ယာမြေ (၁၆၄) ဧက ဖော်ထုတ်ဆောင်ရွက်ခြင်းအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမည်ဖြစ်ပါသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးများကိုး စတင်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ 

  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက် ပထမဦးတည်ချက်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ၏ အဓိကလုပ်ငန်းဖြစ်သော စနစ်ကျလယ်ယာ(စံပြကွက်)များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု၊ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုတို့ဖြင့် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အကွက်ဖော်မြေညှိထားသော လယ်ယာမြေများတွင် ပိုမိုကောင်းမွန်စွာစိုက်ပျိုး၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

  စနစ်ကျလယ်ယာမြေ (စံပြကွက်များ) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်အတူ စိုက်ပျိုးသီးနှံများအား ရေသွင်းစိုက်ပျိုးစေခြင်းဖြင့် ယခင်(၂)သီးသာစိုက်ပျိုးရာမှ တစ်နှစ်ပတ်လုံး (၃)သီး ပိုမိုတိုးချဲ့၍စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအား၊ သီးနှံအထွက်နှုန်းများလည်းတိုးတက်လာခြင်း၊ ဒေသ စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူပြုစေခြင်း၊ စီးပွားရေးနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေခြင်း စသည့်အကျိုးအမြတ်များကို ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများရရှိခံစားနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(မကွေး)