တစ်ပိုင်တစ်နိုင်ပဲပင်ပေါက်

Powered by Drupal

      ပဲပင်ပေါက်ဆိုသည်နှင့် ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သည့်အပြင် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေသော အစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်ကို စီးပွားဖြစ် ဖောက်ကြသလို တစ်ပိုင်တစ်နိုင် အိမ်တွင်းတွင် ကိုယ်တိုင်ဖောက်၍ ရောင်းချသူများလည်း ရှိကြသည်။  ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲထည့် သုပ်ခြင်း၊ ဟင်းချိုချက်ခြင်း၊ အချဉ်စိမ်ပြီးဖြစ်စေ စားလေ့ရှိကြသည်။ ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်သောကြောင့်  ကျန်းမာရေးအတွက် လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးသုံးကြကြောင်း သိရှိရပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲ၊ ဇကာ သို့မဟုတ် ခြင်းတောင်းနှင့် သဲ သို့မဟုတ် ပြာတို့သာ လိုအပ်သောကြောင့် ကုန်ကျစရိတ် နည်းပါး၍ အမြတ်အစွန်းများသော အစားအစာတစ်ခုဖြစ်ပေသည်။ ပဲပင်ပေါက် ဖောက်ရာတွင် ပဲတီစိမ်း တစ်ပြည်လျှင် ဈေးနှုန်း အနေဖြင့် ၄၇၀၀ - ၅၀၀၀ကျပ် ကြားဝယ်ယူရပြီး ပဲတီစိမ်းတစ်ပြည်ဖောက်ရာတွင် ပဲပင်ပေါက် ၃ ပိဿာရရှိပြီး ပဲပင်ပေါက် ၁ ပိဿာကို ၄၅၀၀ ကျပ်ရရှိသောကြောင့် ပဲတီစိမ်း တစ်ပြည်ကို ပဲပင်ပေါက် ဖောက်ရာတွင် အမြတ်အစွန်းအနေဖြင့် ၈၅၀၀ ကျပ်လောက်အမြတ်အစွန်းရရှိသောကြောင့် အိမ်ထောင်ရှင်မများအနေဖြင့် လုပ်ရလွယ်ကူပြီး ရက်တိုတိုနှင့် အမြတ်အစွန်းရသော ပဲပင်ပေါက်ကို တစ်ပိုင်တစ်နိုင် ဖောက်၍လည်း‌ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)