ရန်ကုန်မြို့၊ ဒညင်ကုန်းဈေးသို့တင်ပို့နေသော ကုန်စိမ်းများ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ပုတီးကုန်းမြို့နှင့် ဝတ်ပုတ်နယ်နိမိတ်ရှိရွာများတွင် ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ များပြားစွာရှိပါသည်။ ထွက်ရှိလာသောဟင်းသီးဟင်းရွက်သီးနှံများကို ဝတ်ပုတ်မှတစ်ဆင့် တင်ပို့ရောင်းချနိုင်သောဈေးကွက်တစ်ခု တွင်ကျယ်စွာဖြစ်ပေါ်နေသောကြောင့်ဖြစ်ပါသည်။

    ဝတ်ပုတ်မြို့သည် မြို့အမည်မတွင်သော်လည်း ဟင်းသီးဟင်းရွက်ဈေးကွက်ဖြင့် စီးပွားဖြစ်ထွန်းနေသော နေရာဒေသတစ်ခုဖြစ်ပါသည်။ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် တည်ရှိသောကြောင့်  ရန်ကုန်မြို့၊ ဒညင်းကုန်းလက္ကားဈေးကြီးသို့ ကားဖြင့်တင်ပို့ရာတွင် လွယ်ကူပါသည်။  ဝက်ပုတ်တွင် ကုန်စိမ်းကောက်ဝယ်ယူသော ဒိုင်(၁၀)ဒိုင်ခန့်ရှိ၍ နေ့စဉ် ကုန်စိမ်းကားကြီးများဖြင့် ရန်ကုန်သို့တင်ပို့လျက်ရှိပါသည်။ ထွက်ရှိလာသော ဟင်းသီးဟင်းရွက်သီးနှံများမှာလည်း ကျောက်ဖရုံ၊ ရွှေဖရုံ၊ ဘူး၊ သခွား၊ ခရမ်း၊ ရုံးပတီ၊ ပဲတောင့်ရှည်၊ ပဲစောင်းလျားသီး၊ ကြက်ဟင်းခါးသီး၊ ခဝဲ၊ ဂေါ်ရခါး၊ နိုကိုဥ၊ နံနံ၊ မြင်းခွာရွက် စသည်ဖြင့် အမျိုးပေါင်း(၂၀)ကျော်မျှရှိသဖြင့် အမျိုးပေါင်းစုံလင်လှပါသည်။

    ဈေးကွက်တစ်ခု စီးပွားရေးဖြစ်ထွန်းလျှင် ယင်းနှင့်ဆက်စပ်သော ဈေးကွက်စီးပွားရေးမှာလည်းကပ်လျက် လိုက်ပါဖြစ်ထွန်းသည်မှာ ဈေးကွက်စီးပွားရေး၏ သဘောသဘာဝဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဆိုင်များလည်း တွင်ကျယ်စွာစီးပွားဖြစ်ထွန်းပါသည်။ ထို့ကြောင့် သဲကုန်းမြို့နယ်အတွင်းရှိ ဝက်ပုတ်ဒေသသည် ကုန်စိမ်းဈေးကွက်နှင့်အတူ စီးပွားရေးဟန်ချက်ညီညီဖွံ့ဖြိုးနေသော နေရာဒေသလေးတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)