မန်ကျည်းမှည့်ကို မြန်မာလူမျိုးအများအပြားစားသုံးကြပြီး ဟင်းချက်ရာတွင်လည်းကောင်း၊ ဆေးဖော်ရာတွင်လည်းကောင်း၊ ဖျော်ရည်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ မန်ကျည်းပင်သည် နေရာအနှံ့အပြားတွင် ပေါက်ရောက်ကြပြီး အပင်ကြီးမျိုးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော မန်ကျည်းပင်များမှာ မန်ကျည်းပေါက်ပင်၊ တောမန်ကျည်းပင်၊ တောင်မန်ကျည်းပင်နှင့် ဆေးမန်ကျည်းပင်များဖြစ်ကြပါသည်။ မန်ကျည်းပင်မှရရှိသော မန်ကျည်းရွက်နုများကို စားသုံး၍ရသကဲ့သို့ မန်ကျည်းမှည့်မတိုင်ခင် မန်ကျည်းသီးအစိမ်းကိုလည်း စားသုံးနိုင်သည့်အတွက် ယခုအချိန်တွင် မန်ကျည်းသီးစိမ်းကို ဈေးကွက်၌ ရောင်းချလျက်ရှိပါသည်။ ထိုမှတစ်ဆင့် မန်ကျည်းသီးအစိမ်းများရင့်မှည့်လာလျှင် မန်ကျည်းမှည့်အဖြစ် လူအများစားသုံးကြပါသည်။ မန်ကျည်းမှည့်သည် ဘက်စုံအသုံးဝင်ပြီး ပြည်ဈေးကွက်သို့ မန်ကျည်းသီးအမှည့်များကို မြို့နယ်စုံမှ တင်ပို့မှုရှိပြီး ဒေသအတွင်း လက်လီ/လက်ကားသမားများကဝယ်ယူ၍ ရောင်းချကြသည့်အပြင် ပိုလျှံသည့်မန်ကျည်းမှည့်များကို ရန်ကုန်မြို့၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ဘက်သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။
မန်ကျည်းမှည့်ဈေးနှုန်းများအနေဖြင့် ဩဂုတ်လ (စတုတ္ထပတ်) တွင် တစ်ပိဿာလျှင် ပွဲရုံဈေး အနေဖြင့် (၃၀၀၀)ကျပ်နှင့် ဈေးများတွင် ရောင်းချသောမန်ကျည်းမှည့်လက်လီဈေးမှာ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် မန်ကျည်းသီးစိမ်းကိုလည်း တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)