ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ထုံကြီးကျေးရွာသည် ဥယျာဉ်ခြံ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပါသည်။ အဆိုပါ ဥယျာဉ်ခြံတွင် နာနတ်သီးအား အဓိကထား၍ စိုက်ပျိုးကြပြီး အိမ်တိုင်းနီးပါး စီးပွားဖြစ် နာနတ်ယို ထုတ်လုပ်ကာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရပါသည်။ နာနတ်ယို ပြုလုပ်ရာတွင် နာနတ်သီးမှည့်များအား ခြစ်ဖြင့် အစိတ်သေးများ ပြုလုပ်ကာ ရေ ၊ သကြား ၊ လီမွန် သီး၊ ပျားရည်၊ ဖက်တင် (pectin) တို့ဖြင့် ရောသမမွှေပြီး ပျစ်လာသည်အထိ ကျိုချက်ရကြောင်း ၊ ထို့နောက် အအေးခံကာ (၂၅) ကျပ်သား ၊ (၅၀) ကျပ်သား ၊ (၁)ပိဿာ အထုပ် များပြုလုပ်ပြီး ရောင်းချလျက်ရှိကြောင်း၊ (၂၅)ကျပ်သား တစ်ထုပ်လျှင် လက်လီ ဈေး (၁၇၅၀)ကျပ်နှုန်း၊ (၅၀) ကျပ်သား တစ်ထုပ်လျှင် (၃၅၀၀)ကျပ်နှုန်း၊(၁)ပိဿာ တစ်ထုပ်လျှင် (၇၀၀၀) ကျပ်နှုန်းဖြင့် ကဝမြို့နယ်တစ်ဝိုက်နှင့် အင်းတကော်မြို့၊ ပဲခူးမြို့နှင့် ရန်ကုန် မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)