ဘက်စုံအသုံးဝင်သည့် ရခိုင်ငှက်ပျောပင်

Powered by Drupal

      ၁၂ လရာသီပတ်လုံး ဖောဖောသီသီရနိုင်သော အသီးများထဲတွင် ငှက်ပျောသီးသည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်ပျောမျိုးစိတ်ပေါင်း များစွာရှိသည့်အနက် စိုက်ပျိုးရ လွယ်ကူပြီး အလုပ်မများသည့်အတွက် ရခိုင်ငှက်ပျောကို အများဆုံးစိုက်ပျိုးကြပါသည်။ ငှက်ပျော စိုက်ပျိုးရန် အကောင်းဆုံးမြေအမျိုးအစားမှာ နုန်းတင်မြေနု၊ သဲနုန်းမြေနှင့် နုန်းမြေများ ဖြစ်ပါသည်။ ငှက်ပျောပင်ကို ဝါဆို၊ ဝါခေါင်တွင် အများဆုံးစိုက်ပျိုးပြီး ငှက်ပျောခိုင်ကို စိုက်ပျိုးပြီး ၆-၇ လအတွင်း ခုတ်နိုင်ကာ ပထမလမိုင်းပင်ကို မိခင်အပင် ခုတ်နိုင်ပြီး ဒုတိယ လမိုင်းပင်ကို ပထမ လမိုင်းပင် ခုတ်ပြီး နောက် ၈-၉ လအတွင်း ပြန်လည်ခုတ်နိုင်ပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ် စိုက်ပျိုးမည် ဆိုပါက တစ်ဧက စိုက်ပျိုးလျှင် ငှက်ပျောတစ်ပင်နှင့် တစ်ပင်အကွာအဝေး ၁၀ ပေခြား၍ စိုက်ပျိုးရပြီး အပင် ၉၀၀ ခန့် စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ငှက်ပျောသီးသည် အာဟာရ ဓာတ်အများအပြား ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို အစာခြေစနစ်ကိုလည်း မြှင့်တင်ပေးကြောင်း သိရှိရပါသည်။ စံမှီငှက်ပျော တစ်ခိုင်တွင် အဖီး ၉ ဖီးမျှပါ၍ တစ်ဖီးလျှင် အသီး ၁၀ လုံးမှ ၁၅ လုံးပါဝင်ပြီး ဈေးနှုန်းအနေဖြင့် ငှက်ပျောတစ်ဖီးလျှင် ၁၂၀၀ ကျပ်မှ ၁၇၀၀ ကျပ် အထိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ငှက်ပျောပင်၏ အရွက်များကို မုန့်ဖက်ထုပ်၊ ကောက်ညှင်းပေါင်း၊ ကောင်ညှင်းထုတ်စသည့် မုန့်များ ပြုလုပ်ရာတွင် အသုံးပြုလျက်ရှိပြီး ငှက်ပျောဖူးကို ငှက်ပျောခိုင် ထွက်ရှိပြီးစီးပါက ခုတ်၍ ဟင်းအဖြစ်လည်းကောင်း၊ ချဉ်ဖက်ပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သလို၊ ငှက်ပျောအူကို မြန်မာ့ရိုးရာအစားအစာဖြစ်သော မုန့်ဟင်းခါးချက်ရာတွင်လည်း မပါမဖြစ် အသုံးပြုနိုင်ပါသည်။ ငှက်ပျော အရင့်ဖက်များမှာလည်း တိရစ္ဆာန်များ ကျွေးမွေးရာတွင် အသုံးဝင်သောကြောင့် ငှက်ပျောတစ်ပင်လုံးမှာ ပစ်ရက်စရာမရှိအောင် အသုံးဝင်နေပါတော့သည်။ ငှက်ပျောအမျိုး ပေါင်းများစွာထဲမှ ရခိုင်ငှက်ပျောသီးမှာ ဘုရားပွဲ၊ ရိုးရာနတ်ပွဲ ၊ အလှူမင်္ဂလာများတွင် ကန်တော့ပွဲအဖြစ် အသုံးများလှပါသည်။

    ရခိုင်ငှက်ပျောစိုက်ပျိုးရာတွင် ရင်းနှီးမြှပ်နှံမှု အရင်းပမာဏ အလွန်နည်းပါးသောကြောင့် စီးပွားဖြစ်သော်လည်းကောင်း၊ မိမိအိမ်ခြံအတွင်း လွတ်လပ်သောနေရာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်သော အသီးပင်ဖြစ်ပါကြောင်း လေ့လာတွေ့ရှိချက်များနှင့် အတူတင်ပြအပ်ပါသည်။

DOCA(ပဲခူး)