ပြည်ဒေသ၏သခွားဈေးကွက်

Powered by Drupal

   သခွားသီးကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ သခွားသီးကို အုပ်စု(၃)ခု ခွဲထား၍ မိုးသခွား၊ ဆောင်းသခွားနှင့် စပ်မျိုးသခွားဟူ၍ ခွဲခြားထားပါသည်။ မိုးသခွားသည် အပူဒဏ်ခံနိုင်သည့်အပြင် ကိုင်းထွက်ရန်လွယ်ကူသောကြောင့် အသီးများပြီး ကိုင်းများတွင်သီးကာ အသီးသေးသွယ်၍ အရွက်ချောပါသည်။ ဆောင်းသခွားသည် အအေးဒဏ်ခံနိုင်ပြီး ကိုင်းထွက်မှု နည်း၍ အသီးများပြီး အသီးမှာ တိုတုတ်ပါသည်။ စပ်မျိုးများသည် အမမျိုးလိုင်းကြားတွင် အဖိုမျိုးလိုင်း (၂)တန်း (၃)တန်းခြား၍ စိုက်ပျိုးနိုင်ပါသည်။ သခွားသီးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေနှင့် နုန်းစနယ်မြေများ၌ ပိုမိုဖြစ်ထွန်းပါသည်။

    မိုးသခွားကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးကြပြီး ဆောင်းသခွားကို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်လည်း စိုက်ပျိုးကြပါသည်။ သခွားသီးပင်တစ်ဧကစိုက်ပျိုးလျှင် အပင်ရေ(၁၀၀၀၀)ကျော်အထိစိုက်ပျိုးနိုင်ပြီး ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် သခွားသီးအလုံးရေ အကြီး/ အသေး/ သောင်းပြောင်း (၂၀၀၀၀) ကျော်အထိထွက်ရှိသည်ဟုသိရပါသည်။ သခွားသီးကို စိုက်ပျိုးပြီး (၁)လခွဲနှင့် (၂)လအကြာတွင် အသီးများစတင်ခူးဆွတ်၍ ဈေးများသို့တင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုအခါ ပြည်မြို့ရှိ ဈေးကွက်များတွင် မိုးသခွားများကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညိုနှင့် ပေါင်းတလည် ခွေးရဲဘက်မှ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဩဂုတ်လ (စတုတ္ထပတ်) တွင် သခွားသီးဈေးနှုန်းများအနေဖြင့် သုပ်၍စားရသော သခွားသီးအလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၅၀-၁၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)