ဈေးကောင်းရနေသော ပြည်တောင်ပို့မှိုဈေးကွက်

Powered by Drupal

    ယခု၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) မှစ၍ ရာသီစာတောင်ပို့မှိုများ ပြည်ဈေးကွက်သို့ဝင်ရောက်မှုရှိနေပါသည်။ နှစ်စဉ် ဝါဆိုလ မိုးရာသီကာလအတွင်း တောထဲများနှင့် တောင်ယာခြံများရှိ ခြတောင်ပို့များအနီးတွင် အလေ့ကျထွက်ပေါ်လျက်ရှိကြောင်းသိရပါသည်။ တောင်ပို့မှိုမှာ ပြည်အနီးတဝိုက်ဖြစ်သော မှော်ဇာ၊ ကင်ပွန်းခြုံဘက်မှ အများဆုံးဝင်ရောက်ပြီး ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်သည့်အတွက်  ဈေးကောင်းရလျက်ရှိနေပါသည်။

  ရာသီစာရှားရှားပါးပါးဖြစ်သောကြောင့် ကြိုက်တဲ့သူများက ဈေးကြီးသော်လည်း နေ့စဉ် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ အရသာမှာ နူးညံ့ပြီး ချိုဆိမ့်သည့်အတွက် မှိုချည်းပဲလည်းကြော်စားကြသည့်အပြင် ကန်စွန်းရွက်နှင့်လည်းရောကာ ကြော်စားကြပြီး ပင်ဆိုင်ရွက်၊ ကင်ပွန်းရွက်၊ ငရုတ်သီးစိမ်းဓားပြားရိုက်တို့နှင့်တွဲကာ အရည်သောက်လည်းချက်စားကြပါသည်။ ဝါတွင်းကာလ သတ်သတ်လွတ်သမားများအတွက် တောင်ပို့မှိုမှာ ထမင်းစားမြိန်စေမည့် ဟင်းကောင်းတစ်ခွက်အဖြစ် ရပ်တည်လျက်ရှိနေပါသည်။

     ပြည်ဈေးကွက်အတွင်း ရာသီစာအလေ့ကျပေါက်သည့် တောင်ပို့မှိုများသာဝင်ရောက်မှုရှိနေကြောင်းသိရပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင် စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြကြောင်းလည်း လေ့လာသိရှိရပါသည်။ တောင်ပို့မှိုလုပ်နည်းမှာ ပါဝင်ပစ္စည်း(၃)မျိုးလိုအပ်ပြီး ဦးစွာ ခြတောင်ပို့အတွင်းပိုင်းမှ မြေသား (၂၀)သားခန့်ယူကာ ထမင်းဖြူ (၆၅) ကျပ်သားတို့ကို စလုံတစ်ခုထဲတွင် ရောထည့်ပြီး သမအောင်မွှေပေးရပါသည်။ ထို့နောက် ရေ (၂)လီတာ(ရေသန့်ဘူး ၂ဘူး)ကုန်သည်အထိ ဖျန်းလိုက်/ မွှေလိုက်လုပ်ပေးရပါမည်။ ယင်းသို့ မွှေထားသည့်စလုံကို နေရောင်ခြည်တိုက်ရိုက်မကျသော မပူလွန်း/ မအေးလွန်းသော နေရာတွင် (၇)ရက်ခန့်ငြိမ်သက်စွာထားရပါမည်။ (၇)ရက်ကျော်ပါက စလုံ၏မျက်နှာပြင်တွင် အမြှုပ်အဖတ်ဖြူဖြူခဲလေးများတက်လာပါလိမ့်မည်။ ထိုအမြှုပ်အဖတ်များသည် မှိုဖောက်ဖို့အတွက် မှိုမျိုးစေ့များလည်းဖြစ်ပါသည်။ ထိုမှိုမျိုးများကိုခပ်ယူပြီး အစိုဓာတ်ရှိသော မြေဆွေးအပုံ၊ ကောက်ရိုးဆွေးအပုံနှင့် သစ်ပင်များအောက်ရှိ မြေဆွေးများအပေါ် နှံစပ်အောင်ချထားပေးရပါမည်။ ထိုနေရာအား တစ်ပတ်လျှင်တစ်ကြိမ် ရေစိုရုံမျှသာဖျန်းပေးရုံဖြင့် အနံ့အရသာနှင့်ပြည့်စုံသောတောင်ပို့မှိုများကို လွယ်ကူစွာခူးယူစားသုံးနိုင်မည်ဖြစ်ပါသည်။

     ပြည်ဈေးကွက်အတွင်း ဝင်ရောက်မှုရှိသည့် ရာသီပေါ်တောင်ပို့မှိုဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ်(၄)သောင်းရှိပြီး (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ရှိကာ (၂)ကျပ်ခွဲသား (တစ်စည်းလျှင် ၅ချောင်း/ ၄ချောင်းသာပါရှိ) တစ်စည်းလျှင် ကျပ် (၁၀၀၀)နှုန်းဖြင့် အသီးသီးရောင်းချမှုရှိပြီး စားသုံးသူများအနေဖြင့် ဈေးကြီးသည့်အတွက် တစ်စည်း/ နှစ်စည်းလောက်သာဝယ်ယူစားသုံးကြကြောင်းသိရပါသည်။

DOCA(ပဲခူး)