ရာသီစာဆေးဖက်ဝင် စောင်းလျားသီးဈေးကွက်

Powered by Drupal

   မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရာသီဥတု၊ ရေမြေသဘာဝနှင့်ကိုက်ညီကောင်းမွန်ပြီး ဈေးကွက်အတွင်း ရောင်းချနိုင်သောသစ်သီးဝလံများကို ဒေသအလိုက် စိုက်ပျိုးကြခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါသည်။ သစ်သီးဝလံများကို လူအများအပြားစားသုံးကြခြင်းမှာလည်း ဓလေ့တစ်ခုပင်ဖြစ်နေပါသည်။ အဓိကစားသုံးသည့် သစ်သီးဝလံများထဲတွင်  စောင်းလျားသီးလည်းတစ်ခုအပါဝင်ဖြစ်သည်။ စောင်းလျားသီးပင်သည် နေရာဒေသမရွေး၊ မြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းပါသည်။ အထူးသဖြင့် မြေဩဇာကောင်းမွန်သောနုန်းမြေများတွင် အပင်ပိုမိုကြီးထွားပါသည်။ စောင်းလျားပင်သည် စိုက်ပျိူးပြီး (၃)နှစ်သားမှ (၄)နှစ်သားအရွယ်တွင် ပန်းများပွင့်ပြီး အသီးစတင်သီးလာပါသည်။ စောင်းလျားပင်သည် တစ်နှစ်ပတ်လုံးတွင် (၂)ကြိမ်ခန့်ပန်းပွင့်ကာ နွေမိုးဆောင်း (၃)ရာသီလုံး မပြတ်ခူးဆွတ်ရပါသည်။ အသီးသီးရာတွင် အသီးအနုမှ အသီးရင့်သည်အထိ ရက်(၆၀)ခန့်ကြာပါသည်။ စောင်းလျားသီးသည် မမှည့်သေးခင်တွင် အစိမ်းရောင်ရှိပြီး ချဉ်ဖန်ဖန်အရသာရှိပါသည်။ အသီးများမှည့်လာလျှင် အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါသည်။ အရသာမှာ ချဉ်သောအရသာနှင့် ချိုသောအရသာဟူ၍ (၂)မျိုးရှိပါသည်။ ဝယ်လိုအားအနေဖြင့် စောင်လျားသီးပင်များအား ဈေးကွက်အတွင်းသာမက ကျေးရွာများတွင်လည်း တစ်ပင်လုံးပြတ် အသီးအကြီး၊ အသေး၊ သောင်းပြောင်းအရောရာ လာရောက်ဝယ်ယူကြပါသည်။

    စောင်းလျားပင်များကို ရွှေတောင်မြို့နယ်ဒေသတဝိုက်ရှိ ကျေးလက်ဒေသများတွင်လည်းကောင်း၊ ပြည်မြို့နယ်နှင့် အနီးတဝိုက်ရှိသော ကျေးလက်ဒေသများတွင်လည်း အိမ်ခြံမြေများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရပါသည်။ စောင်းလျားသီးအမှည့်သည် ကျန်းမာရေးဓာတ်စာအဖြစ် ဆေးဖက်ဝင်အသီးဖြစ်သောကြောင့် ယခုအခါ ရာသီစာအဖြစ် ငါးပြေမငါးများဖြင့် တွဲဖက်၍ချက်ပြုတ်စားသောက်ခြင်းအပြင် ဖျော်ရည်အဖြစ်လည်း သောက်သုံးကြပါသည်။ စောင်းလျားသီးများအား ဈေးကွက်အတွင်း ရောင်းချရာတွင် ယခင်နှစ်များမှာ တစ်ပိဿာလျှင် (၃၀၀-၅၀၀) ကျပ်ခန့်ရှိသော်လည်း၊ ၂၀၂၃နှစ်တွင် စောင်းလျားသီးတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀)ကျပ်နှုန်းဖြင့် ပြည်မြို့နှင့် ရွှေတောင်မြို့ရှိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)