ရွှေတောင်မြို့နယ်တွင် မိုးနှမ်းများစတင်ထွက်ပေါ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးနှမ်းများစတင်ထွက်ပေါ်နေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် (၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

   ရွှေတောင်မြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ဧက (၃၂၂၆) ဧကရှိပြီး ဝါးတောအုပ်စုတွင် (၁၇)ဧကစိုက်ပျိုးထားရှိကြောင်းသိရပါသည်။ ထိုသို့ မိုးနှမ်းများစိုက်ပျိုးရိတ်သိမ်းသော ဝါးတောအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ မိုးနှမ်းစိုက်တောင်သူ ဦးနေဝင်းနှင့်တွေ့ဆုံ၍ မေးမြန်းရာ ယခုနှစ်တွင် မိုးနှမ်းစိုက်ဧက (၂) ဧကရှိပြီး စိုက်ပျိုးသည့်မျိုးမှာ နှမ်းနက်မျိုးဖြစ်ပါသည်။  ဇွန်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာသဖြင့် ရိတ်သိမ်းခဲ့ပါသည်။ မိုးနှမ်းတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၄၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး အထွက်နှုန်အနေဖြင့် (၁၀)တင်းနှုန်းထွက်ရှိကြောင်းသိရှိရပါသည်။ ဩဂုတ်လကုန်ပိုင်းတွင် နှမ်းနက်တစ်တင်းလျှင် ရောင်းဈေးမှာ (၁၀၀၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် တစ်ဧကလျှင် အကျိုးအမြတ်အနေဖြင့် (၆)သိန်းကျပ်ခန့်ရရှိသည်ဟုသိရပါသည်။ ထိုတောင်သူမှာ (၂)ဧကစိုက်ပျိုးထားရှိသဖြင့် အမြတ်မှာ (၁၂)သိန်းကျပ်ခန့်ရရှိကြောင်းသိရပါသည်။

     မိုးနှမ်းစိုက်တောင်သူများများအနေဖြင့် ယခင်နှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၁၈၀၀၀၀)ကျပ်ကုန်ကျ၍ အထွက်တင်းမှာ (၈)တင်းခန့်ထွက်ရှိပါသည်။ တစ်တင်းရောင်းဈေးအနေဖြင့် (၇၀၀၀၀)ကျပ်ရရှိသဖြင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ (၃၈၀၀၀၀)ကျပ်သာရရှိကြောင်းသိပါသည်။ ယခုနှစ်တွင် ကုန်ကျစရိတ်များသော်လည်း အထွက်နှုန်းကောင်း၊ ဈေးနှုန်းကောင်းသဖြင့် အမြတ်အစွန်းများပိုမိုရရှိလာခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် နောက်နှစ်များတွင်လည်း မိုးနှမ်းစိုက်ဧကကို တိုး၍စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)