ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တိုင်ထောင်ပဲများကိုစိုက်ပျိုးလျက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၄-၉-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် သဖန်းကိုင်းအုပ်စု၊ လေးကြီးကျေးရွာနေ တိုင်ထောင်ပဲစိုက်ပျိုးသူတောင်သူ ဦးအေးဇော်နှင့်သွားရောက်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
တိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူအနေဖြင့် တိုင်ထောင်ပဲကို (၀.၂၅)ဧကစိုက်ပျိုးထားရှိပြီး တိုင်ထောင်ပဲကို ရေရရှိလျှင် အချိန်မရွေးစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။ တိုင်ထောင်ပဲစိုက်ပျိုးပြီး (၂)လအကြာတွင် အသီးများစတင်သီးလာ၍ ခူးဆွတ်ရောင်းချရပါသည်။ အသီးများခူးဆွတ်ရာတွင် တစ်ရက်ခြားလျှင် တစ်ခါခူးဆွတ်ရပြီး ခူးဆွတ်ချိန်မှာ (၁)လခွဲခန့်ကြာမြင့်ကြောင်းသိရပါသည်။ တိုင်ထောင်ပဲစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၀.၂၅)ဧကအတွက် (၂၂၉၀၀၀)ကျပ်ကုန်ကျပြီး စတင်ခူးဆွတ်ချိန်မှ အသီးများတုန်းသည့်အချိန်အထိ အတောင့်ရေ (၅၀၀၀၀)ခန့်ရရှိကြောင်းသိရပါသည်။ ပဲတောင့်ကို ကုန်စိမ်းဒိုင်များမှာ ခြံအရောက်လာ၍ ဝယ်ယူကြပြီး ရောင်းဈေးမှာ စတင်ပေါ်ချိန်တွင် တစ်တောင့်လျှင် (၂၅)ကျပ်ခန့်ရရှိပြီး အသီးများလှိုင်ချိန်တွင် တစ်တောင့်လျှင် (၁၅)ကျပ်မှ (၂၀)ကျပ်အထိဈေးကျသွားကြောင်းသိရပါသည်။ တိုင်ထောင်ပဲ (၀.၂၅)ဧကစိုက်ပျိုးသူ တောင်သူအနေဖြင့် အကျိုးအမြတ်မှာ (၇၅၀၀၀၀)ကျပ်မှ (၈၀၀၀၀၀)ကျပ်အထိရရှိကြောင်းသိရပါသည်။
ထို့ကြောင့် တိုင်ထောင်ပဲကို ရေလောင်း၍စိုက်ပျိုးနိုင်သည့်အပြင် ရာသီမရွေးလည်းစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းကောင်းလျှင် အကျိုးအမြတ်များစွာရရှိနိုင်သဖြင့် တိုးချဲ့စိုက်ပျိုးလျှင် ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ကွင်းဆင်းလေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)