ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ဧည့်မထ ၂၅ မှတ်ဆန်များကို ပြည်ပတင်ပို့ရန်အတွက် ဇလွန်မြို့နယ်ဆိပ်ကမ်းတွင် သင်္ဘောတင်လျက်ရှိပါသည်။ ဇလွန်ဆိပ်ကမ်းမှတဆင့် ရန်ကုန်မြို့ သို့သယ်ယူပြီး ဆူးလေဆိပ်ကမ်းတွင် နိုင်ငံခြားသင်္ဘော ပေါ်သို့ ပြောင်းရွှေ့တင်ပို့ရကြောင်း သိရှိရပါသည်။ ထို့သို့တင်ပို့ခြင်းကို ဧရာဟင်္သာ ကုမ္ပဏီမှ တင်ပို့ခြင်းဖြစ်ပြီး၊ ဝယ်ယူသည့် ကုမ္ပဏီမှာအန္ဒိယကုမ္ပဏီ Indosino ကုမ္ပဏီဖြစ်ကြောင်းသိရှိရပြီး၊ တင်ပို့နေမှု အခြေအ နေများကို စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ (၃.၁၂.၂၀၂၁) နေ့တွင် ဇလွန် ဆိပ်ကမ်းသို့ ကွင်းဆင်းလေ့လာခဲ့ရာ ၊ တာဝန်ခံတင်ပို့သူ ဦးဖြိုးမောက်မှ တန်ချိန် ၁၂၅၀ ၊ အိတ် ၂၅၀၀၀ တင်ပို့မှာဖြစ်ကြောင်း၊ ဟင်္သာတ ၊ ဇလွန်နှင့် အင်္ဂပူမြို့နယ်များမှ ဆန်များဖြစ်ကြောင်း၊ ယခုလိုတင်ပို့ရန်အတွက် စက်တင်ဘာလမှာစပြီး ကြိုတင်ဝယ်ယူထားရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားပါသည်။
ဆန်အများစုမှာ ရွှေဧရာ၊ မှော်ဘီ ၃၊ ဆင်းသုခ နှင့် ကရင်မ ဆန်များဖြစ်ပြီး၊ အရည်အသွေး အားဖြင့် ပျမ်းမျှ အလျား ၅.၅ မီလီမီတာမှ ၆.၂ မီလီမီတာ အတွင်း၊ ဆန်လုံးပြည့်နှင့် ဆန်သား(Whole Kernels & Head Rice) ၇၀ မှ ၇၅ ရာခိုင်နှုန်းအတွင်း၊ ဆန်ကွဲ(Broken)၂၈ ရာခိုင်နှုန်းနှင့်အောက်၊ ဆန်ဝါ(Yellow Kernels) ၂ရာခိုင်နှုန်း၊ ဗိုက်ဖြူ(Chalky Kernels) ၂ ရာခိုင်နှုန်း ပါဝင်ခွင့် ပြုထားသော ဧည့်မထ မြန်မာ ၂၅% ဆန်များဖြစ်ကာ၊ အသားတင်တစ်အိတ်အလေးချိန် ၅၀ ကီလိုဂရမ်ရှိပြီး အရည်အသွေးစစ်ဆေးခြင်းကို SGS ကုမ္ပဏီနှင့် အဝယ်ဘက်မှ ကိုယ်စားလှယ် တစ်ဦးတို့က စီစစ်လက်ခံလျက်ရှိကြောင်းနှင့် နိုဝင်ဘာ လတုန်းကလည်း အိတ် ၃၀၀၀၀၊ တန်ချိန် (၁၅၀၀) ကိုလည်း စင်္ကာပူကုမ္ပဏီ အတွက် ဇလွန် ဆိပ်ကမ်းမှပင်တင်ပို့ခဲ့ကြောင်း၊ ယခု သင်္ဘောမှာလည်း (၄.၁၂.၂၀၂၁) နေ့တွင် ဇလွန်ဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်ပြီး၊ ယခု ဒီဇင်ဘာလကုန်တွင်လည်း နောက်ထပ် တန်ချိန် ၁၀၀၀ တင်ပို့ မည်ဖြစ်ကြောင်းတို့ကိုလည်း သိရှိရပါသည်။
ဟင်္သာတခရိုင်အတွင်းမှ ၂၀၂၁ ခုနှစ်ထွက် မိုးစပါး ဧည့်မထ ၂၅% ဆန်အိတ် ၇၅၀၀၀ ခန့် ပင်လယ်ရေကြောင်းမှ ပြည်ပတိုက်ရိုက်တင်ပို့နိုင်မှာဖြစ်ပြီး ၊ နယ်စပ်ကုန်သွယ်မှုများ (အထူးသဖြင့် ) တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပါက ကုန်သွယ်မှုများ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ ယခု ဒီဇင်ဘာ လဆန်းတွင် ဟင်္သာတ ခရိုင်အတွင်း၂၀၂၁ ခုနှစ် မိုးစပါး (၄၆) ပေါင်၊ အစိုဓာတ် (၁၄-၁၇ )ရာနှုန်း တင်းတရာလျှင် ၆၅၀၀၀၀ မှ ၆၈၀၀၀၀ ကျပ် ဈေး ပေါက်လျက်ရှိပြီး၊ ဧည့်မထ ဆန် (၂၅) မှတ် ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၃၀၀၀ ကျပ်၊ ဆန်ကွဲ (1 & Extra) ၁၀၈ပေါင် တစ်အိတ်လျှင် ၂၂၅၀၀ ကျပ်၊ ဆန်ကွဲ (၁၊၂) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၂၀၀၀ ကျပ်၊ ဆန်ကွဲ (၂၊၃၊၄) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၁၇၀၀ ကျပ်၊ ဖွဲနုပေါင် (၇၀) တစ်အိတ် လျှင် (၉၄၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဈေး ကောင်းရလျက်ရှိပါတယ်။ ဆန်ကြိတ်ခွဲရာတွင် စပါးအခွံချွတ်စက် (Husker) မှ ထွက်ရှိသော ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် ဝက်စားဖွဲကြမ်း ပေါင် (၄၀) တစ်အိတ်လျှင် ယခင်နှစ်များက ၄၀၀ ကျပ် ၅၀၀ ကျပ်ဈေးရှိရာမှ ယခုနှစ်တွင် အထက်အညာဒေသမှ အဝယ်ရှိသည့်အတွက် တစ်အိတ်လျှင် ၈၀၀ ကျပ် ဈေးဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)