Languages

ထိုင်းနိုင်ငံတွင် ဆန်ထုတ်လုပ်မှုများ ကျဆင်းလာခဲ့

Powered by Drupal

၂၀၂၃-၂၄ စပါးရိတ်သိမ်းရာသီအတွင်း အယ်လ်နီညိုရာသီဥတုကြောင့် ထိုင်းဆန်ထုတ် လုပ်မှုမှာ တန်ချိန်အားဖြင့် ၈၇၁,ဝဝဝ တန်နှင့် ရာခိုင်နှုန်းအားဖြင့် ၃.၂၇ ရာခိုင်နှုန်းလျော့နည်း ကျဆင်းမည်ဖြစ်သဖြင့် တန်ချိန် ၂၅.၈ သန်းသာ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးနှင့်စီးပွားရေးဌာန၏ နောက်ဆုံးခန့်မှန်းချက် အရ သိရှိရပါသည်။

၂၀၂၃-၂၀၂၄ သီးနှံနှစ်အတွက် ထိုင်းနိုင်ငံ၏ စပါးစိုက်ပျိုးဧရိယာ စုစုပေါင်း ၆၂.၄ သန်း ရိုင် ရှိပြီး ယခင်နှစ်ထက် ၆ဝ၂,ဝဝဝ ရိုင် (၂၄ဝ, ၈ဝဝ ဧက) သို့မဟုတ် ဝ.၉၆ ရာခိုင်နှုန်း လျော့နည်း ကျဆင်းသွားကြောင်း စိုက်ပျိုးရေးနှင့်စီးပွားရေးဌာန၏ ဒုတိယအထွေထွေအတွင်းရေးမှူး Tantita Bunyamaneekul က ပြောကြားခဲ့ပါသည်။ ရိတ်သိမ်းဧရိယာသည် ခန့်မှန်း ၅၉.၆ သန်းရိုင် (၂၃.၈ သန်းဧက) ရှိပြီး ယခင်နှစ်ထက် ၃၁၆, ဝဝဝ ရိုင်  (၁၂၆, ၄ဝဝ ဧက) သို့မဟုတ် ၀.၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းကဲ့သို့ ရိတ်သိမ်းဧရိယာ လျော့နည်းကျဆင်းခဲ့ရခြင်းမှာ မိုးရွာသွန်းမှုကို  နှောင့်နှေးစေသည့် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုသီးနှံနှစ်မိုးရွာ သွန်းမှုမှာ ယခင်နှစ်ထက် လျော့နည်းမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဦးစီးဌာနက ပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

၂ဝ၂၃ ခုနှစ် ဇွန်လလယ်မှ ဇူလိုင်လလယ်အထိ မိုးရွာသွန်းမှုလျော့နည်းခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အထူးသဖြင့် ဆည်ရေသောက်မရရှိသော ခြောက်သွေ့ဒေသများတွင် ရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့ဖြစ်ပေါ်ခဲ့မှုကြောင့် လယ်သမားအချို့မှာ ၄င်းတို့၏ စိုက်ခင်းများတွင် စိုက်ပျိုးနိုင်မှုမရှိဘဲ အချို့မှာဆန်ကိုတစ်ကြိမ်သာစိုက်ပျိုးနိုင်ခဲ့ကြပါသည်။ ထို့အပြင် စပါးပင်ပေါက်တွင် ဖြစ်ပွားတတ်သည့်ရောဂါများ၊ စပါးမှိုစွဲကဲ့သို့သောရောဂါနှင့် ပိုးမွှား ကျရောက်မှုအန္တရာယ်များ ရှိလာသဖြင့် ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်မှု ကျဆင်းသွားကြောင်း စိုက်ပျိုးရေးနှင့်စီးပွားရေးဌာနက ပြောကြားခဲ့ပါသည်။

၂ဝ၂၂ ခုနှစ်အစပိုင်းမှစတင်၍ အစိုဓာတ်ပါဝင်မှု ၁၅ ရာခိုင်နှုန်းရှိသော စပါးများအပါအဝင် ကောက်ညှင်းစပါးနှင့် ထိုင်း hom mali ဆန်မွှေးစပါးတို့၏ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပါ သည်။ ၂ဝ၂၃ ခုနှစ် ပထမကိုးလတွင် ထိုင်း hom mali စပါး၏ပျမ်းမျှဈေးမှာ တစ်တန်လျှင် ပျမ်းမျှ ၁၄,၂၂၆ ဘတ်ရှိပြီး နှစ်အလိုက် ၁၃.၃% မြင့်တက်ခဲ့ပါသည်။ အစိုဓာတ်ပါဝင်မှု ၁၅% ရှိသည့်ဆန် တစ်တန်လျှင် ပျမ်းမျှ ၁ဝ,၄၉၉ ဘတ်၊ အမြတ်ငွေအားဖြင့် ၂ဝ.၆ ရာခိုင်နှုန်း၊ ကောက်ညှင်းဆန် တစ်တန်လျှင် ပျမ်းမျှအားဖြင့် ၁၁, ၆၅၇ ဘတ် ရှိပြီး ၂၇.၇ %  မြင့်တက်လာခဲ့ပါသည်။ 

၂ဝ၂၃ ခုနှစ် ပထမခုနစ်လအတွင်း ထိုင်းဆန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အရေအတွက်နှင့် တန်ဖိုးနှစ်မျိုးစလုံး တိုးတက်လာခဲ့ပါသည်။ ၂ဝ၂၃ ခုနှစ်ဖော်ပြပါ ကာလအတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၂.၅၄ သန်းရှိခဲ့ပြီး နှစ်အလိုက် ၃ဝ.၂ ရာခိုင်နှုန်း တိုးတက် လာပြီး ပို့ကုန်တန်ဖိုးမှာ ဘတ် ၄ဝ.၈ ဘီလီယံ နှင့် ၅၁.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ကောက်ညှင်းဆန်တင်ပို့မှုမှာလည်း တန်ဖိုးအားဖြင့် ဘတ် ၃.၃၄ ဘီလီယံအထိ တိုးမြင့်လာပြီး နှစ်အလိုက် ၁၄.၁ ရာခိုင်နှုန်း  တိုးမြင့်လာခဲ့ပါသည်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဆန်စပါးထုတ်လုပ်မှုကို သိသာစွာ ထိခိုက်စေနိုင် မည်ဟု စိုးရွံ့နေမှုများကြောင့် ထိုင်းပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း Mrs Tantita က သုံးသပ်ထားပါသည်။ ထို့အပြင် အိန္ဒိယမှဆန်တင်ပို့မှုကန့်သတ်ချက်နှင့်အတူ တရုတ်နိုင်ငံတွင် ဆန်ထုတ်လုပ်မှု လျော့ နည်းကျဆင်းလာမှုများကြောင့် ထိုင်းနိုင်ငံအတွက် ဆန်တင်ပို့မှု တိုးမြှင့်ရန် အခွင့်အလမ်းများ ဖန်တီးပေးသကဲ့သို့ ဖြစ်ခဲ့ကြောင်း Mrs Tantita က ပြောကြားခဲ့ပါသည်။ 

(မှတ်ချက်။   တစ်ရိုင်လျှင် ဝ.၁၆ ဟက်တာ သို့မဟုတ် ဝ.၄ ဧကရှိပါသည်။)

Source: Bangkokpost, September 23, 2023.(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)