ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးသည် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၂၅) ဦးအား စက်တင်ဘာလ(၁)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် ရောင်းချနေသောကုန်စည်များတွင် သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုကြရန်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းများမပြုကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ထုတ်လုပ်ထားသောကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားနည်းတစ်ခုခုအရသော်လည်းကောင်း သိရှိပါက သက်ဆိုင်ရာဦးစီးဌာနနှင့် စားသုံးသူများထံ အချိန်မီသိရှိနိုင်ရန် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ တခြားနည်းလမ်းများဖြင့်ဖြစ်စေ အသိပေးခြင်းနှင့် အငြင်းပွားမှုကိစ္စရပ်များဖြစ်ပေါ်လာခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထား၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။
DOCA(ဧရာဝတီ)