စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေး

Powered by Drupal

 စားသုံးသူပြည်သူများအနေဖြင့် အန္တရာယ်ကင်းသောကုန်စည်နှင့်ဝန်ဆောင်မှုကိုရရှိပြီး ကျန်းမာချမ်းသာစွာလူနေမှုဘဝကိုဖြတ်သန်းနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရှိနေရန်လိုအပ်ပေသည်။

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရရှိစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စျေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များမရှိစေရေး စျေးကွက်စောင့်ကြည့်လေ့လာခြင်းများကို အဓိကထားဆောင်ရွက်လျက်ရှိပါသည်။

  ချောက်မြို့နယ်၌ စားသုံးသူအသိပညာပေးရေးဟောပြောပွဲတို့ကို အခြေခံပညာကျောင်းများ၊ စျေးများ၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပူးပေါင်းအဖွဲ့ဖြင့် ဟောပြောဆွေးနွေးလျက်ရှိပါသည်။

     ကုန်စုံဆိုင်များ၌ ရောင်းချသောစားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/မရှိ၊ FDA မှတားမြစ်ထားသော စားသောက်ကုန်များအားရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း‌ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များရွေးချယ်စားသောက်နိုင်ရေး အသိပညာပေးဟောပြောခြင်းများသာမက  ကျောင်းမုန့်စျေးတန်းတွင်ရောင်းချနေသော မုန့်မျိုးစုံဆိုင်များ၌ သက်တမ်းလွန်မုန့်များ၊ ပါဝါသကြားလွန်ကဲစွာအသုံးပြုသောအစားအစာများ၊ မုန့်မျိူးစုံ၊ အချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ခြင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသောအသားလုံးများ၊ အရောင်လွန်ကဲစွာအသုံးပြုထားသောမုန့်များနှင့် ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်မပါရှိသည့်မုန့်များရောင်းချမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသောမုန့်များကိုသာရောင်းချကြရန် အသိပညာပေးဆွေးနွေးခြင်းများကိုပါဆောင်ရွက်လျက်ရှိပေသည်။ တိုးတက်လာသည့်ခေတ်နဲ့အညီ လူတို့၏နေထိုင်စားသောက်မှုပုံစံများလည်းပြောင်းလဲလာကြပါသည်။ လူတို့သည် အစားအသောက်များကို လွယ်ကူစွာစားသုံးလာကြသဖြင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း အသင့်စားစားသောက်ကုန်ပစ္စည်းများကို တာရှည်ခံစေရန်၊ အနံ့အရသာနှင့်ပြည့်စုံစေရန် ဦးစားပေး၍ တရားမဝင်ဓာတုဆေးဝါးများ၊ ဓာတုဆိုးဆေးများကိုအသုံးပြုကာ ထုတ်လုပ်လာကြသဖြင့် ပြည်သူများအနေဖြင့် အရွယ်မတိုင်မီ ရောဂါဆန်းများနှင့်ကြုံတွေ့လာရသည်။

   လုပ်ငန်းရှင်များသည် စားသုံးသူများ၏ အခြေခံအခွင့်အရေးများကိုအလေးမထားဘဲ မိမိအကျိုးအမြတ်ရရှိရေးအတွက်သာ ရှေးရှုးဆောင်ရွက်မှုမရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီပြည့်စုံစွာဖော်ပြပါရှိစေရေးရည်ရွယ်၍ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေသထွက်ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်(၂၀)ဦးအား ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပေးလျက်ရှိသည်။

  ချောက်မြို့နယ်တွင် ပါပလာလုပ်ငန်း၊ ဆီးလုပ်ငန်း၊ အာလူးကြော်နှင့် တို့ဟူးခြောက်လုပ်ငန်းများမှာ တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေတိုးလုပ်ငန်းများဖြစ်သည့်အပြင် ဒေသတွင်းပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေသည့် ဒေသထွက်ကုန်လုပ်ငန်းများလည်းဖြစ်သောကြောင့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသောကုန်စည်၊ ဝန်ဆောင်မှုများရယူသုံးစွဲနိုင်ရေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပူးပေါင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ စားသုံးသူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

    "စားသုံးသူပြည်သူများအန္တရာယ်ကင်းစေဖို့ သတိပြုလိုက်နာဆောင်ရွက်စို့" ဆောင်ပုဒ်နှင့်အညီ အစားအစာများ၊ စားသောက်ဖွယ်ရာများကိုထုပ်ပိုးရာ၌ ပလတ်စတစ်များသည် အဆင်ပြေစေသော်လည်း ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသောအစားအသောက်များကို ပူးပြင်းသောနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာတွင် ကြာရှည်စွာထားပါက ပလတ်စတစ်အတွင်းမှ ဓာတုပစ္စည်းများစိမ့်ထွက်ပြီး အစားအသောက်နှင့်ရော‌နှောစေနိုင်သောကြောင့် ပလတ်စတစ်အမှုန့်များသည် အစားအစာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ဝင်ရောက်စေနိုင်သည်။ ထိုသို့ဝင်ရောက်မှုများမှတစ်ဆင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ အဆုပ်ရောဂါနှင့် ကင်ဆာကဲ့သို့ ရောဂါများကိုဖြစ်စေနိုင်သောကြောင့် ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော အစားအသောက်များကိုရှောင်ကျဉ်ခြင်းဖြင့် မိမိတို့ကျန်းမာရေးကို စောင့်ရှောက်ရာရောက်မည်ဖြစ်ပေသည်။ ပလတ်စတစ်ကို ဓာတုပစ္စည်းအများအပြားနှင့်ပြုလုပ်ရခြင်းဖြစ်ပြီး အဆိုပါ ပလတ်စတစ်ပစ္စည်းတစ်ခုကို ရေထဲသို့စွန့်ပစ်လိုက်ပါက ရေထဲတွင် အပိုင်းပိုင်းဖြစ်သွားသည့်တိုင် ဓာတုသတ္တိမှာ နှစ်ပေါင်းရာနှင့်ချီသည့်တိုင် ပျောက်ပျယ်၍မသွားပေ။ ပလတ်စတစ်များကို မြေပြင်အမှိုက်ပုံတွင် စွန့်ပစ်ပါက သတ္တဝါများမှာ အစာမှတ်ပြီး စားသောက်ကြပါက အစာမခြေဖျက်နိုင်ဘဲ ဒုက္ခရောက်စေသည့်အပြင် အဆိပ်ပါသင့်စေသည့်အတွက် ပလတ်စတစ်ပစ္စည်းများကို စည်းကမ်းမဲ့စွာမစွန့်ပစ်သင့်ပေ။ မသိနားမလည်မှုသည် အန္တရာယ်ကိုလက်ကမ်းခေါ်နေခြင်းပင်ဖြစ်သည်။ ပလတ်စတစ်အန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိလာစေရန်နှင့် ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ ချောက်မြို့မစျေးအတွင်း/ အပြင်တွင် အပတ်စဉ် တနင်္လာနေ့တိုင်းကို ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား အင်ဖတ်၊ ငှက်ပျောဖတ်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။

     ထို့ပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးနှင့် ဒေသခံပြည်သူများ သက်သာသောစျေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီများကို ချောက်မြို့ပေါ်ရှိရပ်ကွက်များသို့ စျေးကားဖြင့်လှည့်လည်၍ ရောင်းချပေးနေမှုများအား နေ့စဉ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက  သက်ဆိုင်ရာခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးသူကာကွယ်ရေး၏ အဓိကဦးတည်ချက်မှာ  ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုရယူသူများ၏ အခွင့်အရေးများကိုကာကွယ်ပေးရန်ဖြစ်သည်။ စားသုံးသူအခွင့်အ‌ရေးများနှင့်ပတ်သက်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများသာမက သံသယရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကိုတွေ့ရှိရပါက စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ပြီး တိုင်ကြားလာမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကို စားသုံးသူရေးရာဦးစီးဌာနက ကာကွယ်ပေးလျက်ရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)