မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအစည်းအဝေး ခန်းမ၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေရယူထားပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ချေးငွေသက်တမ်း(၃)နှစ်ပြည့်မြောက်မည့် မကွေးမြို့ရှိ လုပ်ငန်းရှင်(၂၉)ဦးတို့ကို မကွေးတိုင်းဒေသကြီးကိုဗစ်ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့၏ တာဝန်ရှိသူများကတွေ့ဆုံခဲ့ကြပြီး ချေးငွေအတိုးနှင့် အရင်းများပေးဆပ်ရန် တိုက်တွန်းဆွေးနွေးခဲ့ကြပါသည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရန်ပုံငွေမှထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌက ချေးငွေများ စတင်ချေးရန်စာချုပ်ချုပ်စဉ်အခါက ချေးငွေသက်တမ်းမှာ(၁)နှစ်ဖြစ်သော်လည်း ယခုအခါ (၃)နှစ်ပြည့်မြောက်ပြီဖြစ်သည့်အပြင် ကိုဗစ်-၁၉ရောဂါများလည်းမရှိတော့သည့်အတွက် နိုင်ငံတော်က ကိုဗစ်-၁၉ရန်ပုံငွေမှချေးငွေစာရင်းပိတ်သိမ်းလိုက်ပြီဖြစ်၍ အမြန်ဆုံးချေးငွေအတိုးနှင့် အရင်းများပေးဆပ်ကြရန် တိုက်တွန်းလိုကြောင်း၊ ပေးဆပ်ခြင်းမရှိပါက ချေးငွေသဘာတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးန္ဂေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ အတွင်းရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကတိသစ္စာဆိုသည်မှာ အရေးကြီးကြောင်း၊ ချေးငွေအတိုးနှင့်အရင်းများကို သတ်မှတ်ကာလအတွင်း ပေးဆပ်လိုက်ခြင်းအားဖြင့် ယုံကြည်မှုတည်ဆောင်ပြီးသားဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်းရာဇဝင်နှင့် မိမိတို့လုပ်ငန်း၏ပုံရိပ်များပါတက်လာမည်ဖြစ်ကြောင်း၊ ချေးငွေအတိုးနှင့်အရင်းများပေးဆပ်ပြီးနောက် မိမိတို့လုပ်ငန်းနှင့်ကိုက်ညီသည့်ချေးငွေများကို ပြန်လည်လျှောက်ထား၍ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ပေးဆပ်သည့်အတွက် နောက်ထပ်ချေးငွေများ ပြန်လည်လျှောက်ထားသည့်အခါ ယုံယုံကြည်ကြည်ဖြင့် ထောက်ခံပေး၍ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် အဖွဲ့ဝင်တစ်ဦးဖြစ်သူတိုင်း စီးပွားရေးဘဏ်မန်နေဂျာက ကိုဗစ်-၁၉ချေးငွေသဘောတူစာချုပ်ပါ ချေးငွေသက်တမ်းမှာ (၁)နှစ်ဖြစ်သော်လည်း ယခုအခါ (၃)နှစ်ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း ကိုဗစ်-၁၉ရန်ပုံငွေခေါင်းစဉ်ဖြင့် ချေးငွေစာရင်းများကိုပိတ်သိမ်းခွင့်မပြုတော့ပါကြောင်း၊ ဘဏ်မှသတိပေးစာများထုတ်၍ အကြောင်းကြားရလျှင် မိမိတို့လုပ်ငန်းနာမည်ထိခိုက်မည်ဖြစ်၍ အမြန်ဆုံးချေးငွေအတိုးနှင့် အရင်းများပြန်ဆပ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖိုးနီက ၎င်းသည်လည်း လုပ်ငန်း(၂)ခုအတွက် ချေးငွေရယူထားရပြီး ယခုအခါ ချေးငွေအတိုးနှင့် အရင်း များပြန်လည်ပေးဆပ်ပြီးပါကြောင်း၊ ယခုကဲ့သို့ ပေးဆပ်ပြီးဖြစ်သည့်အတွက် တခြားခေါင်းစဉ်တစ်ခုခုဖြင့် ချေးငွေရယူလိုလျှင် အချိန်မရွေးချေးငွေရယူနိုင်ကြောင်းပြောကြားခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရန်ပုံငွေမှထုတ်ပေးထားသည့်ချေးငွေများ အကျိူးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်လုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၈)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။
DOCA(မကွေး)