စားသုံးသူအခွင့်အရေးများသိရှိစေရေး စာသင်ကျောင်းများတွင် အသိပညာပေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၃-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ အမှတ်(၁၅၀)၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၉) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၄၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

        ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ယခုဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းကိုရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများအား အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများဝယ်ယူအသုံးပြုရာတွင် စားသုံးသူများ၏အခွင့်အရေးနှင့် ကုန်ပစ္စည်းများတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို သိရှိလိုက်နာဆောင်ရွက်တတ်ကြစေရန်တို့အတွက် အသိပညာပေးပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေးဥပဒေး၊ စားသုံးသူများ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူ/ စားသောက်/ ရောင်းချခြင်းမပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၉)အရ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများရရှိသည့် အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များကို ယခုကဲ့သို့သိရှိမှသာ အခွင့်အရေးများကို တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်းများ ပြောကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဦးစီးမှူး ဦးမြတ်မင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိကိုယ်တိုင်၊ မိဘ၊ ဆွေမျိုးနှင့် ပတ်ဝန်းကျင်ရှိ မိတ်ဆွေအပေါင်းအသင်းများအား အခွင့်အရေးများနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ထို့ပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့် လှစ်ထားသည့် (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလျှင် ဖြေရှင်းဆောင်ရွက်ပေးလို့မရသည့်ကိစ္စများကိုလည်းရှင်းလင်းပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် တိုင်ကြားသူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြရာ ပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)