ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ ကြိမ်၊ ဝါး၊ ကြိမ်၊ ဗေဒါ MSME လုပ်ငန်းများနှင့်ဈေးကွက်ရောင်းချမှု

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ရှိ အောင်မိသားစု Bamboo and Rattan Handmade Bags Production & Trading Centre မှ ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါ ကုန်ကြမ်းများကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက် ဝယ်လိုအားရှိသော မြန်မာ့လက်မှုရိုးရာ HandMade  ပစ္စည်းများထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေကြည်မြို့ နှင့်ငါးသိုင်းချောင်းမြို့များသည် ကြိမ်၊ဝါး၊ဗေဒါလက်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ လက်ရှိစီးပွားရေးလုပ်ငန်းရှင် လက်ကြီးသမား ၁၀ဦးကျော် လုပ်ငန်းရှင် အသေး ၁၀၀ ကျော်နှင့်မြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာပေါင်း ၅၀ ကျော်မှ ကျေးလက်နေ ဒေသခံပြည်သူ ၂၀၀၀ ကျော်အား MSME လုပ်ငန်းများဖြင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ခဲ့ကြောင်း လုပ်ငန်းရှင်ထံမှသိရသည်၊၊

        ဈေးကွက်အတွင်းလုပ်ငန်းရှင်မှ ထုတ်လုပ်ထားသော ပစ္စည်းများအပြင် ဝယ်ယူသူမှ အော်ဒါမှာယူသော ဒီဇိုင်းပုံစံများကိုလည်းပြုလုပ်ပေးရပြီး ဦးထုပ်အမျိုးမျိုး၊ ခမောက်၊ ဆွဲခြင်းအမျိုးမျိုး ၊ တောင်း၊ပလုံး ၊စကော ၊ ဇကာ ၊ စားပွဲတင်ပန်းအိုး၊ ဘောပင်ခြင်း၊ တစ်ရှုးဘောက်၊ ပိုက်ဆံအိတ်အမျိုးမျိုး ၊ အမျိုးသမီးအိတ်မျိုးစုံ ၊ ခြင်းလုံး ၊ အလှခတ်ခြင်း၊ ဟော်တယ်သုံးကော်ဖီခွက်အောက်ခံပြား ၊ အမှိုက်ခြင်း၊ ကျောင်းသုံးဆွဲခြင်းအမျိုးမျိုး ၊ ပန်းအိုးအကြီး၊ အသေးမျိုးစုံ ဟိုတယ်သုံးအဝတ်အစားထည့်ခြင်း၊ သစ်သီးခြင်း၊ လက်ဆောင်ခြင်း၊ ဇွန်းခရင်းထည့်သောခွက် ဟိုတယ်သုံးစောင်၊ ခြင်ထောင်ထည့်သောခြင်း၊ ခေါင်းအုံး စသည့်တို့အပြင် ပစ္စည်းတစ်ခုချင်းအတွက် အမျိုးအစားပေါင်းစုံ ရာဂဏန်းကျော်ပြုလုပ်၍ မြန်မာပြည်အတွင်း အမှာစာရရှိသောနေရာများသို့ ပေးပို့ရာတွင် ငွေဆောင်၊ ချောင်းသာ၊ ကမ်းခြေဒေသများနှင့် တန်ခိုးကြီးဘုရားများရှိသော မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ကျိုက်ထီးရိုး၊ မကွေး၊ စစ်ကိုင်းမြို့၊ ပြည်မြို့များတွင် အဓိကလာရောက်လည်ပတ်သော ပြည်တွင်းပြည်ပ ဧည့်ခရီးသွားများမှ အများဆုံး လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်၊၊

     ဦးထုပ်ကျားဆောင်းတစ်လုံးလျှင် ကျပ် ၂၀၀၀/၅၀၀၀၊ မဆောင်းဦးထုပ်တစ်လုံးလျှင် ၄၅၀၀/၅၀၀၀ ၊ ဗန်းအသေးအကြီး ၄၅၀၀ /၂၅၀၀၀ ကျပ်ဈေးအတွင်း ဘောပင်ထည့်ခွက် ၂၀၀၀/ ၂၇၀၀ကျပ်၊  သစ်သီးခြင်း ၄၅၀၀/၇၅၀၀ဈေး၊ ဗေဒါအိတ် အကြီးအသေး ၆၅၀၀/ ၁၇၀၀၀ ဈေး၊ စားပွဲတင်ပန်းအိုး ၄၅၀၀ ဈေးနှင့် ပစ္စည်းအမျိုးအစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ကြိမ်၊ ဝါး၊လက်မှုပစ္စည်းများကိုပြည်တွင်းမှာ အိမ်အသုံးအဆာင်၊ ရုံးသုံးနှင့် ဟိုတယ်သုံးပစ္စည်းများအပြင် ပြည်ပဈေးကွက်မှလည်း ဝယ်ယူသူကြိုက်နှစ်သက်မှုရှိကြောင်း ၎င်းအပြင် online မှလည်း ဂျပန်၊ စင်ကာပူ၊ ဩစတြေးလျနှင့် အခြားနိုင်ငံများမှလည်း အမျိုးသမီးသုံးအိတ်မျိုးစုံ  ဖိနပ်နှင့်ဦးထုပ်ကို အများဆုံးမှာယူလျက်ရှိကြောင်း လုပ်ငန်းရှင်မှ ပြောကြားပါသည်၊၊

     မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများသည် ကျေးရွာနေလူတန်းစားများအတွက် အိုးမကွာ၊ အိမ်မကွာဝင်ငွေရှိပြီး ဒေသထွက်ကုန်သယံဇာတများကို အသုံးပြုလျက် ကုန်ချောများပြုလုပ် ရောင်းချနိုင်ခြင်းဖြင့် ပြည်တွင်းပြည်ပဝင်ငွေရရှိနေသလို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product တစ်ခုဖြစ်ပြီး လုပ်သားများအနေဖြင့်လည်း တစ်နေ့လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အတွင်း ဝင်ငွေရရှိနေသော MSME လုပ်ငန်းများဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်၊၊

DOCA(ဧရာဝတီ)