စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ညောင်မြစ်ဆွဲကျေးရွာအုပ်စုရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၂၀၀ဦးအား (၁၇-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့သည်။
ဟောပြောပွဲ၌ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသောမုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)