ပြည်ဈေးကွက်အတွင်းမှ ငရုတ်သီးစိမ်းဈေးကွက်

Powered by Drupal

      ပြည်မြို့ရှိဈေးများတွင် မိုးရာသီကာလဖြစ်သဖြင့် သီးနှံများ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ မိုးရာသီတွင် ပေါ်သောသီးနှံများဖြစ်သည့် ငရုတ်သီး၊ သခွားသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ရုံးပတီသီး အစရှိသော သီးနှံမျိုးစုံ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ထိုသီးနှံမျိုးစုံထဲတွင် လူအများဟင်းချက်ရာတွင်အသုံးပြုသော ငရုတ်သီးလည်း အပါအဝင်ဖြစ်ပါသည်။ ငရုတ်သီးစိမ်းကို ပြည်ဒေသအနီးတဝိုက်ဖြစ်သော မှော်ဇာဒေသမှ အများဆုံးလာရောက် ရောင်းချကြသလို ပြည်မြို့အတွင်းရှိ ဥယျာဉ်ခြံမြေများထဲမှလည်း စိုက်ပျိုးထားသော ငရုတ်သီးများကို လာရောက်ရောင်းချကြောင်း သိရပါသည်။ ထိုငရုတ်သီးစိမ်းများထဲတွင် ညောင်ရမ်းငရုတ်သီး၊ ကျောက်စိမ်းငရုတ်သီး၊ ရခိုင်ငရုတ်သီးနှင့် ပီနန်သီးဟူ၍ အမျိုးမျိုးရှိပါသည်။ ညောင်ရမ်းငရုတ်သီးစိမ်းကို မျိုးယူ၍စိုက်ပျိုးကြသလို ရခိုင်ငရုတ်သီးစိမ်းကိုလည်း စိုက်ပျိုး ကြပါသည်။ လူအများစုမှာ ငရုတ်သီးဆိုလျှင်စပ်မှဆိုသလို အစပ်သီးကို လူအသုံးများကြပါသည်။ ညောင်ရမ်းငရုတ်သီးမှာ အစပ်မျိုးဖြစ်သလို ပီနန်ငရုတ်သီးမှာလည်း အစပ်မျိုးဖြစ်ပါသည်။ ငရုတ်သီးဈေးနှုန်းအနေဖြင့် ညောင်ရမ်းငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊  ပီနန်ငရုတ်သီးစိမ်း တစ်ပိဿာလျှင်(၇၀၀၀)ကျပ်ဈေးဖြစ်၍ ဈေးကွာသဖြင့် အစပ်တူ၍ဈေးနည်းသော ညောင်ရမ်းငရုတ်သီးကို လူအများကဝယ်ယူသုံးစွဲကြပါသည်။ ကျောက်စိမ်းငရုတ်သီးစိမ်းမှာ တစ်ပိဿာ (၂၀၀၀)ကျပ် ဖြင့်ရောင်းချသလို ရခိုင်ငရုတ်သီးစိမ်းမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)