“မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်”လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းဆွေးနွေးအသိပညာပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မုန့်တီဖတ်လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံပြီး မုန့်တီဖတ်/ မုန့်ဟင်းခါးဖတ်လုပ်ငန်း၏ ထုတ်လုပ်ပုံ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ကို မေးမြန်းဆွေးနွေးအသိပညာပေးခဲ့ပါသည်။

  မေးမြန်းမှုအရ မုန့်တီဖတ် /မုန့်ဟင်းခါးဖတ်လုပ်ငန်းကို မြေ/ အဆောက်အဦနှင့် စက်များတန်ဖိုး သိန်း(၃၅၀)ကျော်ကုန်ကျပြီး ၂၀၂၀ခုနှစ်၊ မတိုင်မီအချိန်တွင် လက်ဖြင့်ပြုလုပ်ရောင်းချခဲ့ရပြီး (၂၀၂၀ခုနှစ် )မှစ၍ စက်ဖြင့်ပြောင်းလဲထုတ်လုပ်ခဲ့ကြောင်း၊ မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်ထုတ်လုပ်နည်းမှာ  မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် ဧရာမင်းဆန်ကိုသာအသုံးပြုကြောင်း၊ ပထမဦးစွာ ဆန်ကိုရေးစင်စင်ဆေး၍ တစ်နာရီကျော်ကျော်ခန့်ရေစိမ်ကာ တစ်ညသိပ်ထားရကြောင်း၊ တစ်ညသိပ်ပြီးသည့်နောက် ရရှိလာသောမုန့်ဆန်ကို စက်ဖြင့်ကြိတ်ရကြောင်း၊ စက်ဖြင့်ကြိတ်ခွဲ၍ ထွက်ရှိလာသောဆန်မှုန့်ကို ပိတ်စအဖြူသန့်သန့်ဖြင့်ရေညှစ်ပြီး စစ်သွားရန်အတွက် ကျောက်များဖိ၍ ရေစစ်ခံထားရကြောင်း၊ ရေစစ်၍ ရရှိလာသောဆန်မှုန့်မျာကို မီးအပူပေး၍ပေါင်းကာ ရလာသောမုန့်များကို လိုချင်သောအနေအထားဖြစ်အောင် စကာလည်းကာစက်ဖြင့်ညှစ်ရာမှ နောက်ဆုံးအနေဖြင့် မုန့်တီဖတ်/ မုန့်ဟင်းခါးဖတ်များထုတ်လုပ်ကြောင်းသိရှိရပါသည်။

  မုန့်တီဖတ်/ မုန့်ဟင်းခါးဖတ်ထုတ်လုပ်နိုင်မှုပမာဏမှာ ဆန်တစ်ပြည်လျှင် မုန့်ဖတ်(၂)ပိဿာမှ (၂)ပိဿာနှင့် (၅၀)ကျပ်သားခန့်အထိထွက်ရှိနိုင်ပြီး တစ်ရက်လျှင် ဆန်(၁)တင်းခန့်ထုတ်လုပ်ရာ မုန့်ဖတ် (၄၀/၅၀)ပိဿာခန့်ထွက်ရှိလုပ်ကိုင်နိုင်ကြောင်း၊ အပြင်မှ အော်ဒါများရှိလျှင် အနည်းငယ်ပိုမိုထုတ်လုပ်ကြောင်းနှင့်  ဒေသတွင်းမုန့်တီလုပ်ငန်းအနေဖြင့် မိသားစုဝင်များဖြင့်သာပြုလုပ်ကြသော တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဧရာမင်းဆန်တစ်တင်းလျှင် (၈၈၀၀၀)ကျပ်ကုန်ကျကြောင်းသိရှိရပါသည်။

     ဈေးနှုန်း/ဈေးကွက်အနေဖြင့် တစ်ရက်လျှင် ဧရာမင်းဆန်(၁၆)ပြည်ပြုလုပ်ရပြီး ငွေကျပ် (၈၈၀၀၀) ကုန်ကျကာ ထွက်ရှိလာသည့် မုန့်တီဖတ်/မုန့်ဟင်းခါးဖတ် (၅၀)ပိဿာခန့်ထွက်ရှိပြီး မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး တစ်ရက်လျှင် အမြတ်ဝင်ငွေ (၂၅၀၀၀/၃၀၀၀၀)ကျပ်ခန့် နေ့စဉ် ဝင်ငွေရှိနေကြောင်းသိရှိရပါသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၅)၊ ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မုန့်တီဖတ်လုပ်ငန်းထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်တီဖတ်များမှာ အသင့်စားသုံးရသော အစားအသောက်ဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်တီဖတ်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်ထုတ်လုပ်ရာတွင် တာရှည်ခံဆေး (Formalin) လုံဝသုံးစွဲမှုမပြုရန် သတိပေးတားမြစ်ပြီး မုန့်ဖတ်အခြောက်များပြုလုပ်ရောင်းချမည်ဆိုလျှင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)