စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ချည်မျှင်စက်ရုံ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

Powered by Drupal

                   ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် Pullman Mandalay Mingalar Hotel မန္တလေးမြို့၌ ပြည်တွင်းချည်မျှင်ထုတ်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညွန့်အောင်နှင့် ချည်မျှင်စက်ရုံလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

               ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် သက်ဆိုင်ရာဌာနများနှင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ Exporters များ၊ စက်ရုံလုပ်ငန်းရှင်များ ပေါင်းစပ်၍ ဝါသီးနှံကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်ကြမ်းဝယ်ယူမှုရရှိစေရေး၊ ဝါဈေးနှုန်းမှန်ကန်စေရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုကြုံတွေ့နေရသော ပြဿနာများမှာ Supply Chain တစ်လျှောက်လုံးတွင် ပါဝင်သော Sectorများ တစ်ခုနှင့်တစ်ခု မတူညီသောကြောင့် ဖြစ်‌ပေါ်နေရသော ပြဿနာများဖြစ်ပြီး ချည်မျှင်ထုတ်လုပ်သူများအတွက် သာမက တောင်သူများအတွက်လည်း စဉ်းစားပေးရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထပ်မံ၍ ဒုတိယဝန်ကြီးမှ ဝါများအားပြည်ပတင်ပို့ခွင့်ပေးရာတွင် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြောင်း၊ ပို့ကုန်ကုမ္ပဏီများမှာလည်း လိုင်စင်ရထားပြီးဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် တင်ပို့ရန်ကျန်ရှိနေသော ကုမ္ပဏီများဖြစ်ကြောင်း၊ မျှမျှတတဖြင့် ဝါထွက်ရှိမှုပမာဏပေါ်မူတည်၍ နယ်ပယ်အလိုက် ဈေးနှုန်းညှိ၍ ခွဲတမ်းများရရှိစေရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

              ချည်မျှင်စက်ရုံလုပ်ငန်းရှင်များမှလည်း ဝါသီးနှံမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ထွက်ပေါ်ချိန် အကောင်းဆုံး ဖြစ်ကြောင်း၊ ဝါဂွမ်းကောင်းမှ ချည်ကောင်းမည်ဖြစ်ပြီး ချည်ကောင်းမှ ပိတ်စကောင်းကောင်း ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ၂၀၁၈ ခုနှစ် နောက်ပိုင်းမှစတင်၍ ဝါကုန်ကြမ်း ဝယ်ယူရရှိရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာခဲ့ပြီး ဈေးနှုန်းများမြှင့်တက်လာခဲ့ရာ ပြည်တွင်းချည်မျှင်စက်ရုံများအနေဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်၊ စက်တင်ဘာလများတွင် ဝါဂွမ်းတစ်ပိဿာလျှင် (၄၈၀၀ မှ ၅၀၀၀) ကျပ်အထိ ဈေးတက်လာခဲ့ပြီး လက်ရှိအချိန်တွင် (၆၀၀၀) ကျပ်အထိ ဈေးပေး၍ ဝယ်ယူနေရကြောင်း၊မိမိတို့ချည်မျှင်စက်ရုံများအနေဖြင့် ဝါကုန်ကြမ်းကို တရုတ်ဝယ်လက်များနှင့် ဈေးပြိုင်ဝယ်ယူနေချိန်တွင် ထွက်ရှိသော ကုန်ချောချည်ကိုလည်း အိန္ဒိယချည်မျှင်များနှင့် ဈေးပြိုင်ရောင်းချနေရသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဂွမ်းဈေးသက်သာပါက ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျော့ချနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

              ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ချိုက ဆွေးနွေးရာတွင် ဝါစေ့ဆီမှာလည်း ပြည်တွင်းတွင် တန်ချိန်သိန်းချီ၍ ထွက်ရှိသော်လည်း ဈေးကွက်မရှိကြောင်း၊ အကြော်ကြော်ရာတွင်သာ သုံးစွဲလေ့ရှိကြောင်း၊ ပြည်တွင်းထွက်ရှိသောဝါမှာ နိုင်ငံပိုင်စက်ရုံ (၂)ရုံ နှင့် ပုဂ္ဂလိစက်ရုံ (၄)ရုံ၏ သုံးစွဲနိုင်မှုထက်များနေကြောင်း၊ တင်ပို့သူများ အခွင့်အရေးရရှိစေ‌‌ရေးအတွက် စက်ရုံများ၏ ကုန်ကြမ်းလိုအပ်ချက်ကိုကြည့်၍ စက်ရုံများသို့ တင်သွင်းစေပြီးမှ လိုင်စင်ထုတ်ပေးသည့်စနစ်ကိုလည်း စဉ်းစားသင့်ကြောင်း၊ လိုင်စင်လျှောက်ထားမှုပေါ် မူတည်၍ စက်ရုံများကို တင်သွင်းစေလိုကြောင်း၊ Contract Farming စနစ်ကို ကျင့်သုံးသင့်ကြောင်း ဆွေးနွေးခဲ့သည်။

              ထို့နောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ လိုင်စင်ထုတ်ပေးမှုအခြေအနေများ၊ သီးနှံ Grading ခွဲခြားမှုများ၊ ဝါစိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းဈေးကွက်များ၊ ဝါ Supply Chain တစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်ချက်များ၊ အကြံပြုသုံးသပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တွေ့ဆုံဆွေးနွေးပွဲကို နံနက် ၁၀ နာရီတွင် ရုတ်သိမ်းခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး