“ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များ၏ ဆန်စပါးကြိတ်ခွဲရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး”

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များ၏ စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှု အခြေအနေနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်၊ ရပ်ကွက်၊ ကျေးရွာများ၌ လက်လီ/လက်ကား ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ 

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ပြည်တွင်းဆန်ဈေးနှုန်းများမတည်မငြိမ်ဖြစ်ပေါ်ခြင်းများမရှိစေရေး စီစစ်ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားလာသဖြင့် ကော့မှူးမြို့နယ်အခြေအနေအရ ရေလမ်းကြောင်းဖြင့်မဟုတ်ဘဲ ဧရာဝတီတိုင်းဒေသကြီးဘက်မှ ကုန်းလမ်းကြောင်းဖြင့်ဝင်ရောက်လာသည့် ဆန်ကုန်တင်ယာဉ်များအား သက်ဆိုင်ရာခရိုင်၊ မြို့နယ်များမှ ဝင်ပေါက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့ဖြင့်လည်ကောင်း  မြို့နယ်အတွင်းရှိ ဆန်စက်သိုလှောင်ရုံများ ဆန်နှင့်ဆန်ထွက်ပစ္စည်းအရောင်းဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် ထမ္မနိုင်ကျေးရွာရှိ သုခပြည့်စုံဆန်စက်၊ ရွှေနဂါးဆန်စက်တို့တွင် ဆန်စပါးကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ကျေးရွာအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းများမတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်နှင့် တွေ့ရှိပါက စားသုံးသူကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲမှူး၊ ဒုရဲအုပ်နှင့်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)