အိန္ဒိယ၏ မိုးကြက်သွန်နီထွက်ရှိမှု လျော့ကျ

Powered by Drupal

    အိန္ဒိယနိုင်ငံ၏ ယခုနှစ် မိုးကြက်သွန်နီထွက်ရှိမှုသည် ယခင်နှစ်ထုတ်လုပ်နိုင်မှု တန်ချိန် ၂၈.၆ သိန်းအောက် အနည်းငယ်လျော့နည်းနိုင်ကြောင်း၊ အစိုးရသည် ယခင်ဝယ်ယူထားရှိပြီးဖြစ်သည့် ကြက်သွန်နီတန်ချိန် ၅ သိန်းအပြင် ထပ်မံ၍ အရန်ကြက်သွန်နီ တန်ချိန် ၂ သိန်းကို ဝယ်ယူ မည်ဖြစ်ကြောင်း၊ လိုအပ်ပါက ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မရှိမဖြစ်လိုအပ်သည့် စားဖိုချောင်သုံး ကုန်စည်ဖြစ်သော ကြက်သွန်နီ၏ စျေးနှုန်းများတည်ငြိမ်ရေးကို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် အိန္ဒိယ စားသုံးသူရေးရာ ဝန်ကြီးဌာန၊ အတွင်းဝန် Mr. Rohit Kumar Singh က ၁၁-၁၂-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

      ပြည်တွင်းရှိ စျေးကွက်များစွာ၌ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ ရူပီး ၈၀ နှုန်း ကျော်အထိ မြင့်တက်လာရာ ၂၀၂၄ ခုနှစ် မတ်လအထိ ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုကို တားမြစ်ပိတ်ပင်လိုက် ကြောင်း လွန်ခဲ့သောသီတင်းပတ်တွင် အိန္ဒိယအစိုးရ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ယခင်နှစ်၌ ကြက်သွန်နီ လက်လီဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၂၉.၇၆ ရူပီးရှိခဲ့ရာမှ ယခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် တစ်ကီလိုလျှင် ၅၇.၈၅ ရူပီးရှိခဲ့ပြီး ၉၄.၃၉% မြင့်တက်ခဲ့ကြောင်း အစိုးရ၏ အချက် အလက်များအရ သိရသည်။

      ကြက်သွန်နီသည် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် အရေးကြီးသော စားဖိုချောင်သုံးပစ္စည်းဖြစ်ပြီး စားသောက်ကုန် လက်လီဈေးနှုန်း ဖောင်းပွမှုအပေါ် ၀.၆၄% ခန့်သက်ရောက်မှုရှိခဲ့ကြောင်း၊  ကြက်သွန်နီဈေးနှုန်း၏ ဖိအားပေးမှုသည် နိုင်ငံတစ်ဝှမ်းရှိ အိမ်ထောင်စုများအတွက် အဆင်မပြေမှု များဖြစ်စေကြောင်း၊ အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ကာလဖြစ်ခြင်းကြောင့် ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်ခြင်းကို တားဆီးကာကွယ်ရန် အစီအမံကောင်းများစွာကို လုပ်ဆောင်မည်ဖြစ်ကြောင်း Economic Times  သတင်းဌာနက ရေးသားဖော်ပြပါသည်။

     ကြက်သွန်နီဈေးတက်ပြီးနောက် အစိုးရက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ပို့ကုန်ခွန် ၄၀%  ကောက်ခံရန်ချမှတ်ခဲ့ကြောင်း၊ သို့သော်လည်း တင်ပို့မှုများပြားလျက်ရှိသည့်အတွက် အစိုးရက ယင်းအခွန်ကြီးကြပ်မှုကို ဖျက်သိမ်းပြီး အောက်တိုဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ကြက်သွန်နီ တင်ပို့မှုအပေါ် အနည်းဆုံးပို့ကုန်ဈေးနှုန်း တစ်တန်လျှင် ဒေါ်လာ ၈၀၀ နှုန်း သတ်မှတ်ခဲ့ကြောင်း သိရပါသည်။

    ရာသီဥတုဆိုးရွားမှုဒဏ်ကြောင့် မိုးကြက်သွန်နီ စိုက်ပျိုးချိန်နှင့် သီးနှံဖြစ်ထွန်းမှု နောက်ကျ ခဲ့ပြီး သီးနှံပေါ်ချိန်နောက်ကျခဲ့ကြောင်း၊ သိုလှောင်ထားသည့် ယခင်နှစ် ဆောင်းကြက်သွန်နီများ လက်ကျန်လျော့နည်းလာပြီး မိုးကြက်သွန်နီ ထွက်ပေါ်ချိန် နောက်ကျခြင်းကြောင့် ရောင်းလိုအား ကန့်သတ်ချက်များဖြစ်ပေါ်လျက် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အဓိက စိုက်ပျိုးရာ မဟာရဋ္ဌပြည်နယ် မကြာသေးမီက မိုးရွာသွန်းမှုနှင့် မိုးသီးမုန်တိုင်းကြောင့် ကြက်သွန်နီသီးနှံများ ပျက်စီးခဲ့ပြီး ဈေးနှုန်း ပိုမိုမြင့်တက်စေခဲ့ကြောင်း သိရပါသည်။

Source: Economic Times, 11 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)