ဓနုဖြူမြို့နယ်တာဝန်ခံရုံး၌ ဆီကုန်သည်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး) သည်  (၅-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓနုဖြူဆီကုန်သည်လုပ်ငန်းရှင်များအားဖိတ်ကြားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင်  ဦးခိုင်လွမ်းမိုးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်  စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီ စသည်ဖြင့် အမျိုးအမည်ကို  မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းအသားတင်ပမာဏနှင့် အရွယ်အစားတို့ကိုဖော်ပြရာတွင် မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဌာန၏လမ်းညွှန်ချက်များကို သိရှိလိုက်နာဆောင်ရွက်မှုရှိစေရန် ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများဆောင်ရွက်လျက်ရှိပြီး၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ၎င်းနောက် ဆီကုန်သည်လုပ်ငန်းရှင်များ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ လုပ်ငန်းရှင် (၇) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)