မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည် ချောင်းဦးမြို့နယ်တာဝန်ခံ၊ ဘုတလင်မြို့နယ်တာဝန်ခံတို့နှင့်အတူ (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကလေးသူငယ်များအား အခြေခံမှစ၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၈၀)ဦးတက်ရောက်ခဲ့ပါသည်။

      အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်မှ  ဒု-ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန် (ဦးစီးအရာရှိ) က စားသုံးသူ၏အဓိပ္ပါယ်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း၏ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူများရသင့်ရထိုက်သောအခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ၊ ကုန်စည်များကိုဝယ်ယူအသုံးပြုမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားကို အလေးထားကြည့်ရှုရမည့် အချက်များကိုလည်းကောင်း၊  ၎င်းနောက် ချောင်းဦးမြို့နယ်တာဝန်ခံက မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ မတူညီသောလုပ်ငန်းဆောင်ရွက်မှုများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်ပတ်သက်၍ တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ ဘုတလင်မြို့နယ်တာဝန်ခံက မိမိတို့ဌာနအား တိုင်ကြားလာမှုအပေါ် ဌာန၏ဖြေရှင်းဆောင်ရွက်ပေးမှုကြောင့် ပြေလည်မှုရရှိခဲ့သည့်ကိစ္စရပ်များ၊ ယခုအခါတွင် Online Shopping များပိုမိုခေတ်စားလာသဖြင့် Online Shopping အသုံးပြုမှုနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည့်မေးမြန်းချက်များအပေါ် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကာ အခမ်းအနားကို နံနက်(၁၁:၄၅)နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)