အထက်မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ မေမြို့ပန်း၊ သစ္စာပန်းစိုက်ပျိုးနေမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စုရှိ ညောင်ပင်သာ(အရှေ့ရွာနှင့်အနောက်ရွာ)သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ကြက်သွန်နီ၊ မြေပဲ၊ ပဲတီစိမ်း၊ မေမြို့ပန်း၊ သစ္စာပန်း၊ ဂန္ဓာမာပန်းနှင့် အခြားသီးပင်စားပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

    ညောင်ပင်သာအရှေ့ရွာနှင့်အနောက်ရွာရှိတောင်သူများအနေဖြင့် သစ္စာပန်းနှင့်မေမြို့ပန်းကို စိုက်ပျိုးသည့်ဧကမှာ ရွာ(၂)ရွာပေါင်း ဧက(၂၀)ဧကကျော်ရှိပြီး စိုက်ပျိုးသည့်တောင်သူမှာ (၂၀)ဦးခန့် ရှိကြောင်း၊ မိမိအနေဖြင့် သစ္စာပန်းနှင့်မေမြို့ပန်းကို အဓိကစိုက်ပျိုးပြီး ပန်း(၂)မျိုးပေါင်း စိုက်ဧကမှာ (၁)ဧကနီးပါးရှိကြောင်း၊ သီတင်းကျွတ်လနှင့် တန်ဆောင်းမုန်းလတွင် စတင်စိုက်ပျိုးပါကြောင်း၊ သစ္စာပန်းစိုက်ပျိုးရာတွင် မျိုးဥကို ဆင်ဖြူကျွန်းမြို့ဘက်မှဝယ်ယူရပြီး (၁)တင်းလျှင် ကျပ်(၆၅၀၀၀) ပေးရကြောင်း၊  မေမြို့ ပန်းမှာ ယခင်နှစ်ကစိုက်ပျိုးခဲ့သည့် အပွင့်မှမျိုးစေ့ယူကာ ပျိုးထောင်ပြီး ပြန်လည်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်မှာ သစ္စာပန်းမျိုးဥ(၇)တင်းကို အလျား (၇)တောင်၊ အနံ(၂)တောင်ခွဲရှိသော မြောင်းကွက်(၁၀၀)ပြုလုပ်၍ စိုက်ပျိုးထားကြောင်း၊ သစ္စာပန်း (၁)ဥစိုက်ပျိုးလျှင် မျိုးဥမှ(၃)ဥပြန်လည်ထွက်ရှိပြီး (၂)ဥမှာအပင်ဥဖြစ်ကာ (၁)ဥမှာမျိုးဥ အဖြစ် ကျန်ရှိ တက်သောကြောင့် သစ္စာပန်းပင်သည် အပင်မသေမချင်း မျိုးမတုံးတတ်သော အပင်မျိုးဖြစ်ပါကြောင်း၊ မေမြို့ပန်းမှာမူ မျိုးစေ့(၄)ပြည်ကို မြောင်းကွက်(၄၀)ကွက်ပြုလုပ်၍ စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးရာတွင် ယခင်နှစ်က(၁)ဧကကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀၀)နီးပါးကုန်ကျပြီး ယခုနှစ်တွင် လုပ်အားခ၊ ဓါတ်မြေဩဇာနှင့်အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ(၁) ဧကလျှင် ကျပ်(၇၀၀၀၀၀)နီးပါးကုန်ကျပါကြောင်း၊  စိုက်ပျိုးနေဆဲကာလအတွင်း မြေအောက်ရေဖြင့် အနည်းဆုံး(၁၅)ကြိမ်နှင့်အထက် သွင်းပေးရကြောင်း၊ စိုက်ပျိုးပြီး(၃)လခွဲအကြာတွင် ခူးဆွတ်နိုင်ပြီဖြစ်ပါကြောင်း၊ ပေါ်ဦးပေါ်စအချိန်တွင် ပန်းဈေးကောင်းရရှိပြီး ပန်းများအပြိုင်ပေါ်ကြသည့်အချိန်တွင်မူ ဈေးမှာလျော့နည်းသွားတတ်ကြောင်း ညောင်ပင်သာအရှေ့ရွာနေ ပန်းစိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)