မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု၌ မတ်ပဲစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ မြန်အောင်မြို့နယ်၊ ရွှေကျင်တိုက်နယ်အုပ်စုရှိ ငါးဘတ်ချောင်း(အရှေ့၊ အနောက်)၊ ကျွန်းကုန်း၊ ကွက်သစ်(တောင်၊ မြောက်)၊ ရွှေကျင်ကမ်းနားလမ်း၊ ဒေါင်းကုန်း၊ ရွှေကျင်(တောင်၊ မြောက်)၊ ဘုရားကြီးကုန်း စသောကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မတ်ပဲ၊ ဂေါ်ဖီထုပ်၊ မေမြို့ပန်း၊ နေကြာနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက်စိုက်ပျိုးကြပြီး မတ်ပဲကိုအဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

      ရွှေကျင်တိုက်နယ်အုပ်စုအတွင်း မတ်ပဲစိုက်ဧကမှာ (၁၅၀၀)ဧကဝန်းကျင်နီးပါးရှိပြီး မတ်ပဲ စိုက်တောင်သူမှာ(၅၀)ဦးခန့်ရှိကြောင်း၊ တောင်သူများအနေဖြင့် မတ်ပဲမျိုးကို မြန်အောင်မြို့မှ ဝယ်ယူသည့်အပြင်  ဒေသခံတောင်သူအချင်းချင်းဆီမှလည်း (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဖြင့် ဝယ်ယူပါ ကြောင်း၊ ထို့အပြင် ယခင်နှစ်ကမတ်ပဲစိုက်ခင်းမှ ပဲတောင့်စေ့ကိုမျိုးအဖြစ် ထား၍လည်းစိုက်ပျိုး ကြကြောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ဧက (၉)ဧကနီးပါးစိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၁)တင်းခန့် ကုန်ကျပြီး ကျဲပက်စနစ်ဖြင့် စိုက်ပျိုး ပါကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ် (၂၅၀၀၀၀)ကုန်ကျပြီး ယခုနှစ်တွင် မျိုးဖိုး၊ ထွန်ယက်ခနှင့် အခြားသွင်းအားစု ကုန်ကျစရိတ်စုစုပေါင်း မှာ (၁)ဧကလျှင် ကျပ်(၃၀၀၀၀၀)မှ ကျပ်(၄၀၀၀၀၀)ကျော်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၃)လကျော်ဝန်းကျင်တွင် ရိတ်သိမ်းနိုင်ပြီဖြစ် ပါကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် (၁၇)တင်းခန့် ထွက်ရှိပါကြောင်း၊ ယခင်နှစ်ကမတ်ပဲ(၁)တင်း ဈေးမှာ ကျပ်(၇၀၀၀၀)ခန့်ရရှိပါကြောင်း၊ ထွက်ရှိသောမတ်ပဲများကို ရွှေကျင်တိုက်နယ်အုပ်စုရှိသီးနှံ ပွဲစားများထံတွင် ရောင်းချကြောင်း၊ ယခုနှစ်တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၈၀၀၀၀)ခန့်ရရှိပါက မတ်ပဲစိုက်တောင်သူများအနေဖြင့် အဆင်ပြေမည်ဖြစ်ပါကြောင်း ရွှေကျင်တိုက်နယ်အုပ်စုနေ မတ်ပဲစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးသန့်ဇင်အောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)