ခရမ်းမြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးပြီးစီးမှုအခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းရှိ အေးကျေးရွာ၌ နေထိုင်ကြသော ဒေသခံ တောင်သူများသည် စပါးနှင့်ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

  ခရမ်းမြို့နယ်၊ အေးကျေးရွာ၌ ပဲတီစိမ်းကို ဧက(၅)သောင်းကျော်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် မိုးကြိုစိုက်၊ မိုးဦးစိုက်၊ မိုးလယ်စိုက်၊ မိုးနှောင်းစိုက်ဟူ၍ရှိပြီး အေးကျေးရွာ၌ စိုက်ပျိုးထားသော ပဲတီစိမ်းမှာ မိုးနှောင်းစိုက်ကာလဖြစ်၍ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းမျိုးများစွာရှိသည့်အနက် ဒေသခေါ် ကိုင်းစားမျိုးကိုသာအများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုးကို ယခင်နှစ်စိုက်ပျိုးခဲ့သည့် စိုက်ခင်းများထဲမှ ပဲတီစိမ်းအစေ့များကိုမျိုး အဖြစ်ဖယ် ချန်၍ ပြန်လည်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဧက(၁၂)ဧက စိုက်ပျိုးထား ပါကြောင်း၊ ယခင်နှစ်က ပဲတီစိမ်း(၁)ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀၀)ဝန်းကျင်ခန့်ကုန်ကျပြီး ယခုနှစ်တွင် လုပ်အားခမြှင့်တက်လာမှု၊ မြေဩဇာဈေးနှုန်းမြင့်မားလာမှုနှင့်အတူ အခြားသွင်း အားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၆၅၀၀၀၀)ကုန်ကျကြောင်း၊ ပဲတီစိမ်းသည်မိုးမကြိုက်သောသီးနှံဖြစ်သော်လည်း အပွင့်မထွက်ခင် မိုးအနည်းငယ်ရွာသွန်းပါက အထွက်နှုန်းကောင်းပါကြောင်း၊ စိုက်ပျိုးပြီး(၂)လ အကြာတွင် ခူးဆွတ်ကြကြောင်း၊ ယခင်နှစ်က ပဲတီစိမ်း အထွက်နှုန်းမှာ (၁)ဧကလျှင် (၁၀)တင်းကျော်ထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၈၀၀၀၀)ခန့် ရရှိပါကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်ကအထွက်နှုန်းအတိုင်းထွက်ရှိပါက ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် အဆင်ပြေမည်ဖြစ်ပါကြောင်း အေးကျေးရွာနေ ပဲတီစိမ်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)