ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့ရဲ့ စတော်ဘယ်ရီ

Powered by Drupal

ယခုအချိန်အခါတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် စတော်ဘယ်ရီသီးများ စတင်ထွက်ရှိချိန်ဖြစ်ပါသည်။ မူရင်းဒေသမှာ မြောက်အမေရိကတိုက်မှ ဖြစ်ပြီး အင်္ဂလိပ်အမည် Strawberry ဖြစ်ပါသည်။ စတော်ဘယ်ရီသည် အေးမြသောရာသီဥတုကို နှစ်သက်သဖြင့် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများပြားပြီး စိုက်ပျိုး သည့်မြေများမှာ မြေနီ(မြေစေး) အမျိုးအစားဖြစ်၍ မိုးအကုန်ဆောင်းအကူးကာလဖြစ်သည့် အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလကုန်တွင် ခူးဆွတ်ကြပါသည်။ မြေတွင်ကပ်၍ ရှင်သန်ကြီးထွားသည့် အပင်အမျိုးအစားဖြစ်သောကြောင့် ပေါင်းမြက်များကင်းရှင်းရေးကို အထူး ဂရုစိုက်ရသလို တစ်ပတ်တစ်ခါ ရေသွင်းခြင်းများလည်း ပြုလုပ်ပေးရပါတယ်လို့ သိရှိရပါတယ်။
စတော်ဘယ်ရီသီး၏ အရောင်မှာ အသီးစသီးချိန်တွင် အဖြူရောင်ရှိပြီး စတင်မှည့်လာချိန်တွင် အပန်းရောင်သန်းနေ၍ အလုံးစုံရင့်မှည့်ချိန်တွင် အနီရောင်ရှိပြောင်းလဲလာပါသည်။ အသီးများသည် မြေနှင့် ထိတွေ့ချိန်တွင် ပုပ်ဆွေးတတ်သဖြင့် အသီးစတင်သီးချိန်တွင် အပင်ပတ်လည်ကို ကောက်ရိုး ခြောက်များ(သို့) မြက်ခြောက်များခင်းထားပေးရကြောင်း၊ နောက်တစ်နည်းမှာ အပင်စတင် စိုက်ပျိုးသည့်အချိန်တွင် စိုက်ခင်းအတွင်း ပလပ်စတစ်များအုပ်ပြီး အပေါက်ဖောက်ကာ စိုက်ပျိုးပေးရကြောင်း သိရှိရပါသည်။ နေ့စဉ်ခူးဆွတ်ရောင်းချနိုင်သော်လည်း ၅ရက် ၁ ကြိမ် ခူးဆွတ် ပါက အထွက်နှုန်းပိုကောင်းကြောင်းနှင့် စတင်ခူးဆွတ်ချိန်မှ ရက်ပေါင်း ၆၀ခန့်အထိ ပုံမှန်ခူးဆွတ်နိုင် ကြောင်း သိရှိရပါသည်။
စတော်ဘယ်ရီသီးမှာ အာဟာရဓါတ်ပြည့်ဝစွာပါဝင်ပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါသည်။ ထို့အပြင် စတော်ဘယ်ရီသီးကို ဖျော်ရည်အဖြင့်သောက်သုံးခြင်းအပြင် ရေခဲချောင်း၊ ကိတ်မုန့်၊ သီးစုံသုပ်၊ ဝိုင် ၊ ယို စသဖြင့် အမျိုးမျိုးပြောင်းလဲအသုံးပြုနိုင်ပါသေးသည်။ ထိုသို့ စားသုံးခြင်းဖြင့် အသားအရည်ကို ကျန်းမာစေခြင်း၊ အရိုးများကို ကြံ့ခိုင်သန်မာစေခြင်း၊ သွေးတိုးကျစေနိုင်ခြင်း၊ ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း၊ သွေးလည်ပတ်မှုအား ကောင်းစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်းနှင့် အနာကျက်မြန်စေခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိခံစား စေနိုင်ပါသည်။
ယခုချိန်သည် စတော်ဘယ်ရီသီး စတင်ပေါ်ပေါက်ချိန်ဖြစ်သဖြင့် ဈေးနှုန်းအနည်းငယ် မြင့်နေပြီး စတော်ဘယ်ရီထည့်သည့် ဝါးခြင်းတောင်း ပုံမှန်ဆိုဒ် ၁ တောင်းလျှင် ၃၀၀၀/- နှင့် ပလပ်စတစ်ရေပုံးအမည်း အလတ်ဆိုဒ် ၁ ပုံးလျှင် ၆၀၀၀/- ကျပ်အထိ ဈေးရှိနေသော်လည်း ရာသီပေါ်သီးနှံအနေဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် လက်ဆောင်အနေဖြင့်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရန်အနေဖြင့်လည်းကောင်း ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားလိုက် ရပါသည်။
၂၁.၁.၂၀၂၂