ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေ‌ရေး အသိပညာပေးဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင်(၂၆-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေးတို့အတွက် အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးသည် တက်ရောက်လာသောစီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုခေါ်ဆိုကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသည့်အချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ညွှန်ကြားချက်များကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များ၏ သိရှိလိုသည့်အချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်များ၊ ဟော်တယ်လုပ်ငန်းရှင်များ၊ ကိတ်မုန့်ပေါင်မုန့်လုပ်ငန်းရှင်များ၊  အာလူးကြော်လုပ်ငန်းရှင်များ၊ ပဲကြော်လုပ်ငန်းရှင်များ၊ စုစုပေါင်း( ၃၅ )ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)