ထိုင်းနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုကို အထောက်အကူပြုစေရန် ၂၀၂၄ ခုနှစ်အတွင်း ပြောင်း၊ ပဲပုပ်ကြိတ်ဖတ်နှင့် ငါးစာများအပါအဝင် တိရစ္ဆာန်မွေးမြူရေး အစားအစာ ကုန်ကြမ်းများ တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများကို ထိုင်းအစိုးရအဖွဲ့က ၂၆-၁၂-၂၀၂၃ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
ယခင်က မွေးမြူရေးအစာ သွင်းကုန်ပါမစ်များကို သုံးနှစ်တစ်ကြိမ် အတည်ပြု ခွင့်ပြုခဲ့သော်လည်း ယခုအခါ နိုင်ငံတစ်ဝန်း၌ လယ်ယာထွက်ကုန်များကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်အတွက် နှစ်စဉ် အတည်ပြု ခွင့်ပြုပေးသည့် စနစ်ကို ပြောင်းလဲကျင့်သုံးမည်ဖြစ် ပါသည်။ သို့ဖြစ်ရာ လက်ရှိထုတ်ပေးထားသော ၂၀၂၄-၂၀၂၆ ကာလအတွက် တင်သွင်းခွင့် ပါမစ် များသည် ယခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရေး ကုန်ကြမ်းပစ္စည်းများ လုံလောက်မှုရှိအောင် စီမံခန့်ခွဲရန်နှင့် တောင်သူများအပါအဝင် စိုက်ပျိုးရေးကဏ္ဍတွင် ပါဝင်ဆက်နွယ်သူအားလုံးကို အကာအကွယ်ပေးမည့် သင့်လျော်သောအစီအမံများကို ချမှတ်ဖော်ဆောင်နိုင်ရန်အတွက် ယခင် ပြဋ္ဌာန်းထားသည့် သွင်းကုန်မူဝါဒများနှင့် အစီအမံများကို ဆက်လက်ထိန်းသိမ်းသွားရန် အစိုးရအဖွဲ့က သဘောတူညီခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြား ခဲ့ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်ခွဲတမ်းစနစ်အောက်တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် သွင်းကုန်လုပ်ငန်းရှင် ၁၁ ဦးအတွက် အရေအတွက်နှင့် ကာလကန့်သတ်ချက်များ မပါဝင်ပဲ တင်သွင်းလာသည့် ပဲပုပ်ကြိတ်ဖတ်အပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်းကို ၂% ဆက်လက်ထားရှိကြောင်း၊ တင်သွင်းသူအသစ်များက တင်သွင်းခွင့်လျှောက်ထားပါက သတ်မှတ် ချက်နှင့် ညီညွတ်မှုအပေါ် မူတည်၍ စားနပ်ရိက္ခာမူဝါဒကော်မတီ ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်အရ ခွင့်ပြု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခွဲတမ်းပြင်ပမှ တင်သွင်းပါက စည်းကြပ်သည့် အကောက်ခွန်နှုန်း ထားမှာ ၁၁၉% ရှိမည် ဖြစ်ကြောင်း၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဧရိယာနှင့် ထိုင်း-သြစတြေးလျ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် တို့ကဲ့သို့သော ကုန်သွယ်မှုဆိုင်ရာ မူဘောင်များအောက်တွင် ပါဝင်သည့် သွင်းကုန်များအတွက် ၎င်းသဘောတူညီချက်များအတိုင်း လိုက်နာလျက် ဆောင်ရွက်ကြောင်း၊ ကုန်သွယ်ရေးသဘောတူစာချုပ်တွင် ပါဝင်ခြင်း မရှိသည့် နိုင်ငံများမှ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထား ၆ % သတ်မှတ်သည့်အပြင် တစ်တန်လျှင် ဘတ်ငွေ ၂၅၁၉ ဘတ် ထပ်ဆောင်းကောက်ခံကြောင်း Mr. Chai က ပြောဆိုပါသည်။
ထိုင်းနိုင်ငံ၌ တိရစ္ဆာန်မွေးမြူရေး အစားအစာ လုပ်ငန်းသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမှာ ပြည်တွင်းသုံးစွဲရန် လိုအပ်ချက်ကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ခြင်း မရှိသဖြင့် အစိုးရသည် ပြောင်းနှင့် ပဲပုပ်ကဲ့သို့သော သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် မွေးမြူရေး အစာ တင်သွင်းခွင့်ပါမစ်ကို ၁ နှစ်သာ ခွင့်ပြုရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ တိရစ္ဆာန် အစာ ထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းထုတ်ကုန်အားလုံးကို သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဝယ်ယူရန် သဘောတူညီချက်ကို အပြည့်အဝ လိုက်နာရမည်ဖြစ်သည်။
ယခုနှစ်တွင် တိရစ္ဆာန်အစာအတွက် ထိုင်းနိုင်ငံ၏ ပြောင်းလိုအပ်ချက်မှာ တန်ချိန် ၈.၃၅ သန်း ရှိသော်လည်း ပြည်တွင်းထုတ်လုပ်မှုမှ တန်ချိန် ၄.၉ သန်းခန့်သာ ဖြည့်ဆည်းပေးနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ပဲပုပ်ကြိတ်ဖတ်ဝယ်လိုအားမှာ တန်ချိန် ၄.၂ သန်းရှိပြီး ပြည်တွင်းမှ တန်ချိန် ၂ သန်းနှင့် ငါးစာ၀ယ်လိုအား တန်ချိန် ၆ သိန်း အတွက် ပြည်တွင်းမှတန်ချိန် ၃ သိန်း အသီးသီး ဖြည့် ဆည်း ပေးနိုင်ကြောင်း သိရှိရပါသည်။
Source: Bangkok Post, 27 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)