ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုတွင် အခက်အခဲဖြစ်ပေါ်နေမှုများမှာ လျော့ပါးသက်သာမှု ရရှိလာသည့် အခြေအနေအရ ထိုင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွင်း ဆန်တင်ပို့မှုသည် ၁၅% ခန့် ကျဆင်းသွားဖွယ်ရှိကြောင်း ထိုင်းဆန်စပါးလုပ်ငန်းနယ်ပယ်မှ ခန့်မှန်းလျက်ရှိသည်။
ထိုင်းနိုင်ငံအနေဖြင့် ယခင်နှစ်၌ ၎င်း၏ထိပ်တန်းဝယ်ယူသူဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံထံမှ ဝယ်လိုအား ကျဆင်းမှုကို ကြုံတွေ့ရနိုင်ကြောင်းနှင့် ဘတ်ငွေတန်ဖိုး အတက်အကျ ပြောင်းလဲမှုသည် ဗီယက်နမ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ထိခိုက်စေဖွယ်ရှိကြောင်း၊ ထိုင်းဆန်တင်ပို့မှုသည် ငါးနှစ်တာကာလအတွင်း အမြင့်မားဆုံးအဖြစ် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၈.၈ သန်းခန့် ရှိမည်ဟု ကနဦး ခန့်မှန်းရကြောင်း၊ သို့သော် မကြာသေးမီကာလများအတွင်း ဆန်တိုးမြှင့် တင်သွင်းခဲ့သော အင်ဒိုနီးရှားသည် လာမည့်လ သမ္မတရွေးကောက်တင်မြှောက်ပွဲအပြီးတွင် ၎င်း၏ ဝယ်ယူမှုများကို လျှော့ချ နိုင်ဖွယ်ရှိကြောင်းဖြင့် ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Chookiat Ophaswongse က ၄-၁-၂၀၂၄ နေ့တွင် ပြောကြားခဲ့သည်။
ခြောက်သွေ့သောရာသီဥတုက ဆန်စပါးထုတ်လုပ်မှုအပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ် လာမှုနှင့်အတူ ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုကို ကန့်သတ်ခဲ့ပြီးနောက် အာရှ၏ စံထားဖွယ်ရာတစ်ခုဖြစ်သည့် ဆန်ကွဲ ၅% ပါသော ထိုင်းဆန်ဖြူ၏ ဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ ထို့အပြင် အယ်လ်နီညို ဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ရောင်းလိုအား ပိုမိုကျပ်တည်းမည်ကို စိုးရိမ်လာပြီး အချို့သောနိုင်ငံများတွင် သိုလှောင်ရုံများတည်ဆောက်၍ ဆန်၀ယ်ယူမှုများအား အရှိန်မြှင့်တင်ခဲ့ကြသည်။
ဗီယက်နမ်၏ နွေဦးရာသီ စပါးသီးနှံသည် ဖေဖော်ဝါရီနှင့် မတ်လတွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ရာ ဆန်စပါးဈေးနှုန်း ကျဆင်းလာမည့် အခြေအနေအရ ဗီယက်နမ်အနေဖြင့် ဖိလစ်ပိုင်ကဲ့သို့သော ဆန်ဝယ်သူများကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံတွင်လည်း မေလ၌ မျှော်မှန်းထားသည့် ရွေးကောက်ပွဲအပြီးတွင် ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်၌ ဆန်တင်ပို့မှု ကန့်သတ်ချက်များအား ပြန်လည်ရုပ်သိမ်းမည်ဆိုပါက ကမ္ဘာ့ဆန်ဈေးသည် ချက်ချင်းလက်ငင်း ကျဆင်းသွားမည် ဖြစ်ကြောင်း Mr Chookiat က ပြောကြားခဲ့သည်။
Source: Bangkok Post, 4 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)