ပြည်ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် ရာသီစာပဲမြစ်

Powered by Drupal

     ပဲစောင်းလျားသီးမှထွက်ရှိသော အတောင့်ကို ပဲစောင်းလျားသီးအတောင့်ဟုခေါ်ပြီး ၎င်းမှထွက်ပေါ်လာသည့် အမြစ်ကို ပဲမြစ်ဟုခေါ်ပါသည်။ ပဲစောင်းလျားပင်မှာ ပူပြီး စွတ်စိုသော နေရာများတွင် အများအပြားပေါက်ရောက်ပါသည်။ နွယ်ပင်အမျိုးအစားဖြစ်ပြီး တို့စရာအဖြစ် စားသောက်ကြသည့် ဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ အမြစ်မှထွက်ရှိလာသော ပဲမြစ်များကို မုန့်ပဲသားရေစာအဖြစ်စားသောက်ကြပါသည်။ ပဲစောင်းလျားပင်အား မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးကြပါသည်။ ပဲမြစ်များစိုက်ပျိုးရာတွင် ပေါင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ပဲမြစ်စိုက်ပျိုးသည့် တောင်သူအများစုမှာ နှစ်စဉ် ဩဂုတ်လတွင်စိုက်ပျိုး၍ ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ရောင်းချကြောင်းသိရှိရပါသည်။ ယခု အချိန်တွင် ဈေးကွက်အတွင်းရောက်ရှိလာသည့် ပဲမြစ်များမှာ ပြည်မြို့နှင့် ဒေသအနီးတဝိုက်ရှိ ကျေးလက်ဒေသများနှင့် ရွှေတောင်မြို့ရှိ ကျေးလက်ဒေသများ၏ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြံများမှရရှိပါသည်။ ပဲမြစ်ကို ရာသီစာစားစရာအဖြစ်ပြုတ်ပြီး ဆီ၊ ဆားတို့နှင့်စားလျှင် အရသာကောင်းမွန်ပါသည်။ ပဲမြစ်၏အရသာမှာ ချိုပြီးစိမ့်၍ လူအကြိုက်များပြီး ၎င်းမှာ ကျန်းမာရေးအတွက် လည်းကောင်းမွန်ပါသည်။ ရာသီပေါ်စာဖြစ်သည့်ပဲမြစ်အား ဈေးကွက်အတွင်းရောင်းချရာ၌ တစ်ပိဿာလျှင် (လုံးချော) ၃၅၀၀ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)