ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သိုလှောင်ဈေးကစားမှုများကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်

Powered by Drupal

   ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးစပါးအသစ်များ ရိတ်သိမ်းထွက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ကုန်လက်ကျန်များပြားလျက်ရှိသော်လည်း ကော်ပိုရိတ်ကုမ္ပဏီများနှင့် ဆန်စက်ပိုင်ရှင်များ၏ ကြိုးကိုင်ချယ်လှယ်မှုများကြောင့် စပါးဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

    Babubazar ဆန်ကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူး Nizam Uddin က မိုးစပါးရိတ်သိမ်းချိန်ကာလအတွင်း ကော်ပိုရိတ်ကုမ္ပဏီကြီးများနှင့် ဆန်စက်လုပ်ငန်းရှင်အများအပြားသည် တောင်သူလယ်သမားများထံမှ စပါးအမြောက်အမြားကို အလွန်နိမ့်ကျသော ဈေးနှုန်းများဖြင့် ဝယ်ယူခဲ့ကြကြောင်း၊ ယခုအခါ အဆိုပါစပါးများကို မြင့်မားသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း၊ ၎င်းတို့သည် ဆန်စပါးကုန်သွယ်ရောင်းဝယ်မှုတွင် အခြားအထွေထွေ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်နိုင်မှုမရှိအောင် ထိန်းချုပ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ အုပ်စုဖွဲ့လုပ်ကိုင်မှုများကြောင့် ဆန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်းဖြင့် ပြောဆိုပါသည်။

   မိုးစပါးရိတ်သိမ်းထွက်ရှိသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်ပိုင်း၌ တောင်သူလယ်သမား များအနေဖြင့် စပါး ၁ မန် (၄၀ ကီလိုဂရမ်) လျှင် တာကာငွေ ၉၀၀ မှ ၉၈၀ အတွင်းရှိ ဈေးနှုန်းများ ဖြင့်သာ ရောင်းချခဲ့ကြရသည်။

   လယ်ယာစီးပွား သုတေသီတစ်ဦးဖြစ်သူ Dr Jahangir Alam Khan ကလည်း ကော်ပိုရိတ်လုပ်ငန်းများသည် စပါးပမာဏအများအပြားကို ဝယ်ယူခဲ့ကြသော်လည်း ဈေးကွက်အတွင်းသို့ ပြန်လည်ပေးသွင်းခြင်းမပြုပဲ ဝယ်လိုအားများပြားသည့် ရာသီချိန်၌ ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချရန် လုပ်ဆောင်နေကြကြောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်ပိုင်း အရေးကြီးကုန်စည်များနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လာမှုအပေါ် အစိုးရ၏ စွမ်းဆောင်ရည်နိမ့်ကျသော စီမံခန့်ခွဲမှုများက တာဝန်ရှိကြောင်းဖြင့် Daily Sunသတင်းဌာနသို့ ပြောကြားခဲ့သည်။

   ဒါကာမြို့တော်အပါအဝင် နိုင်ငံတစ်ဝန်း၌ လွန်ခဲ့သော ၇ ရက်မှ ၈ ရက်အတွင်း ဆန်အမျိုး အစားအားလုံး၏ ဈေးနှုန်းများသည် ၁ ကီလိုဂရမ်လျှင် ၄ တာကာမှ ၅ တာကာခန့် မြင့်တက်လာခဲ့ သည်။ ဒါကာမြို့ အခြေစိုက် ဆန်ကုန်သည်များ၏ ပြောဆိုမှုအရ လက်လီဈေးကွက်အတွင်း အရည် အသွေး ကောင်းမွန်သည့် Miniket ပေါင်းဆန် ၁ ကီလိုဂရမ်လျှင် ယခင် ၆၄-၆၅ တာကာနှုန်းမှ ယခု ၆၈-၇၀ တာကာနှုန်းသို့လည်းကောင်း၊ အလယ်အလတ်အဆင့် အရည်အသွေးရှိသော အမှတ်၂၈ ဆန်သည် ၁ ကီလိုဂရမ်လျှင် ၅၀ တာကာမှ ၅၄ တာကာသို့လည်းကောင်း၊ Paijam ဆန်သည် ၁ ကီလိုဂရမ်လျှင် ၅၀ တာကာမှ ၅၂ တာကာသို့လည်းကောင်း၊ ဆန်ကြမ်းများသည် ၁ ကီလိုဂရမ်လျှင် ၄၇-၄၈ တာကာမှ ၅၀-၅၁ တာကာနှုန်းသို့လည်းကောင်း အသီးသီး ဈေးနှုန်းများမြင့်တက်ခဲ့ ကြောင်း သိရှိရသည်။

   ကုမ္ပဏီကြီးများနှင့် စက်ပိုင်များ၏ အုပ်စုဖွဲ့ချုပ်ကိုင်မှုကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော သီတင်းပတ်အတွင်း ၅၀ ကီလိုဂရမ်ဝင် ဆန် ၁ အိတ်လျှင် တာကာငွေ ၂၀၀ မှ ၂၅၀ အတွင်း မြင့်တက်သည်အထိ ၎င်းတို့က ဈေးနှုန်းမြှင့်တင်လုပ်ဆောင်ခဲ့ကြ ကြောင်း၊ ဆန်ဈေးနှုန်းများသည် လွန်ခဲ့သော ၅ လ- ၆ လအတွင်း တည်ငြိမ်မှုရရှိနေခဲ့သော်လည်း အထွေထွေရွေးကောက်ပွဲအပြီး ဈေးနှုန်းမြှင့်တင်မှု ပြုလုပ်လာခြင်းဖြစ်ကြောင်းဖြင့် Karwanbazar ဒေသရှိ Mukta Rice Agency ၏ လုပ်ငန်းပိုင်ရှင် Shahjahan Talukder က ပြောဆိုခဲ့သည်။

    Naogaon စပါးနှင့် ဆန် လက်ကာကုန်သည်များအသင်း၏ ဥက္ကဋ္ဌ Nirod Baran Saha Chandan ကလည်း စပါးဈေးနှုန်းမှာ ၁ မန်လျှင် တာကာငွေ ၁၂၅၀ အထိ မြင့်တက်လာခဲ့ပြီး ဆန် ဈေးနှုန်းများကိုပါ မြင့်တက်စေခဲ့ကြောင်း၊ ပုံမှန်အားဖြင့် စပါးရိတ်သိမ်းထွက်ရှိပြီး ၂ လ - ၃ လ ခန့် အကြာ ရောင်းလိုအားစတင်ကျဆင်းချိန်မှသာ ဆန်ဈေးနှုန်းများ မြင့်တက်လေ့ရှိကြောင်း၊ ယခုအခါ ဆန်စက်ပိုင်ရှင်များအပြင် စီးပွားရေးလုပ်ငန်းရှင်များစွာသည် စပါးများကို တရားမဝင်သိုလှောင် ဈေးကစားမှု လုပ်ဆောင်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ထိုသို့ဈေးကစားလုပ်ကိုင်သူများကို နှိမ်နင်းပြီး ဈေးကွက်အတွင်း စပါးများ ရောင်းလိုအားမြင့်တက်အောင် ဆောင်ရွက်နိုင်ပါက ဆန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လက်ရှိသီးနှံရာသီတွင် စပါးစိုက်ဧရိယာ ဟက်တာ ၅၉.၃၃၅ သိန်း စိုက်ပျိုးထုတ်လုပ်မှုမှ စပါးတန်ချိန် ၁၇၁.၇၈၈ သိန်းထွက်ရှိရန် ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးပညာပေးဦးစီးဌာနက မျှော်မှန်းထားခဲ့သည်။ သို့သော် ယခုနှစ်၌ လယ်သမားများသည် စိုက်ဧကလျာထားချက်ထက်ပိုမို၍ တိုးချဲ့  စိုက်ပျိုးခဲ့ကြသဖြင့် စပါးအထွက်မှာ ခန့်မှန်းသည်ထက် ပိုမိုဖွယ်ရှိကြောင်း ဌာနဆိုင်ရာအရာရှိများက ပြောဆိုခဲ့ကြသည်။

Source: Daily Sun, 16 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)