ရွှေတောင်မြို့ရှိ မြန်မာ့ရိုးရာအစားအစာ မုန့်စိမ်းပေါင်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြန်မာ့ရိုးရာအစားအစာဖြစ်သော လူသိများသည့်ာ ရွှေတောင်မုန့်စိမ်းပေါင်းပြုလုပ်၍ ရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မေးမြန်းရာ မုန့်စိမ်းပေါင်းကို ဆန်ကြမ်းဖြင့်ပြုလုပ်ရပါသည်။ မုန့်စိမ်းပေါင်းပြုလုပ်ပုံမှာ ဆန်ကို ရေစင်စင်ဆေးပြီးနောက် ကြိတ်ဆုံ၌ ကြိတ်ရပါသည်။ မုန့်ရည်ကို အဝတ်အိတ်နှင့်စစ်ပြီး ရေစစ်သွားသောအခါ မုန့်သားကိုလက်နှင့်နယ်ပြီး အလုံးကြီးများလုံးရပါသည်။ ပြီးနောက် အောက်ခံအိုးထဲကိုရေထည့်ပြီး အပေါ်မှ စကာတင်၍ မုန့်လုံးကြီးများကို (၁၅)မိနစ်ခန့်ပေါင်းပြီး မုန့်လုံးအပေါ်သားအရောင်ကြည်လာလျှင် မုန့်ကိုမီးဖိုပေါ်မှချ၍ အအေးခံရပါသည်။ ထို့နောက် လက်နှင့်ကိုင်နိုင်သောအနေအထား၌ ယခင်ပေါင်းထားသောမုန့်လုံးများကို ဆုံထဲသို့ထည့်၍ ထောင်းရပါသည်။ ထောင်းပြီးသောမုန့်များကို လက်နှင့်ချေပေးပြီး စကာနှင့်ချ၍ ကျိုပြီးသားဖြစ်သည့် ထန်းညက်ရည်ခပ်ပျစ်ပျစ်ဖြင့် ရောနယ်ရပါသည်။ ထို့နောက် ထန်းညက်ရည်နှင့်ရောပြီးသော မုန့်များကို ပေါင်းချောင်နှင့်ထည့်၍ပေါင်းရပါသည်။ ထိုသို့ပေါင်းပြီးနောက် အသင့်စားနိုင်သော မုန့်စိမ်းပေါင်းကို ရရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် မုန့်စိမ်းပေါင်းလက်လီတစ်ပိဿာလျှင် (၁)သောင်းကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် တစ်နေ့လျှင် အချိန် (၁၀)ပိဿာခန့်ရောင်းချရကြောင်းသိရပါသည်။ မြန်မာရိုးရာအစားအစာ မုန့်စိမ်းပေါင်းသည် လက်ဖက်ရည်၊ ကော်ဖီတို့နှင့်တွဲ၍စားသုံးနိုင်သည့်အပြင် ရေနွေးကြမ်းဖြင့်လည်း စားနိုင်ပြီး မြန်မာလူမျိုးများကြိုက်နှစ်သက်သော သားရေစာဖြစ်ပါသည်။

DOCA(ပဲခူး)